News

POST TYPE

LOCAL

တန်ဖိုးနည်းတိုက်ခန်း ဝယ်လိုသူများ မိသားစုဝင်ငွေ သုံးသိန်းမှ ငါးသိန်းထိ ရှိရမည်
28-Jul-2016 tagged as တိုက်ခန်း

ရန်ကုန်၊ ဇူလိုင် ၂၇

လာမည့် သြဂုတ်လလယ်တွင် ရောင်းချမည့် တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူလိုသူများသည် အိမ်ပိုင်မရှိကြောင်း တင်ပြရမည့်အပြင် မိသားစု ဝင်ငွေသည်လည်း သုံးသိန်းမှ ငါးသိန်းထိ ရှိရမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။

ဆောက်လုပ်ပြီးဖြစ်သည့် သိန်း ၁၂၀ နှင့်သိန်း ၇၀ ကြားရှိ တန်ဖိုးနည်း တိုက်ခန်း ၂၂၀၈ ခန်းကို အိမ်ပိုင်မရှိသူများအား ရှစ်နှစ် အရစ်ကျစနစ်ဖြင့် သြဂုတ်လလယ်တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဝင်ငွေနည်း ပြည်သူများနှင့် အစိုးရ ဝန်ထမ်းများကို ရောင်းချပေးတော့မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“တိုက်ခန်းကို အရစ်ကျစနစ်နဲ့ ဝယ်ယူသူများ အနေနဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အကောင့်ဖွင့်ပြီး အတိုးနှုန်း အပါအဝင် ၈ နှစ် အရစ်ကျနဲ့ သြဂုတ်လမှာ ရောင်းချပေးသွားမှာပါ။ လက်ငင်းငွေချေးစနစ်နဲ့ ဝယ်လိုသူတွေက လေးလခွဲသွင်းပြီး ဝယ်ယူနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည့် တိုက်ခန်းများမှာ အလျား ၁၈ ပေ၊ အနံ ၂၆ ပေ ရှိမည် ဖြစ်ပြီး Hall Type အဖြစ် ဖွဲ့စည်းထားကာ ဧရိယာ စတုရန်းပေ ၄၆၈ မှ ၅၀၀ အထိ ရှိမည်ဖြစ်ပြီး တိုက်ခန်းလျှောက်လွှာ ဝယ်ယူရမည့်ရက်နှင့် စည်းကမ်းချက်များကို တိုင်းအစိုးရအဖွဲ့က သတင်းစာများတွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ရောင်းချသွားမည့် တိုက်ခန်းများမှာ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း (၁) မှ ၈၆၄ခန်း၊ ဒဂုံ ဆိပ်ကမ်းမြို့နယ် ကနောင်အိမ်ရာ စီမံကိန်းမှ အခန်းပေါင်း ၈၄၀ ခန်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း အပိုင်း (၃) မှ ၅၀၄ ခန်းတို့ဖြစ်ပြီး ခြောက်ခန်းတွဲ လေးထပ်နှင့် ရှစ်ခန်းတွဲ လေးထပ်တိုက်များ ဖြစ်သည်။

တန်ဖိုးနည်း တိုက်ခန်းများကို တိုင်းအစိုးရက အများပြည်သူသို့ အခန်း၏ ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စုအစိုးရက အစိုးရ ဝန်ထမ်းများသို့ ၃၀ ရာခိုင်နှုန်း ရောင်းချမည်ဖြစ်သည်။