News

POST TYPE

LOCAL

နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ နိုင်ငံရေးတွင် ပါဝင်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို
28-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၇

နယ်စပ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း ၄၀ က မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုရန်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ  စာပေးပို့ တောင်းဆိုခဲ့ကြောင်း နယ်စပ်ဒေသ အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနယ်စပ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်မှ စုပေါင်းကာ ဇူလိုင်လ ၂၅ ရက် ရက်စွဲဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာတစ်ခု ပေးပို့တောင်းဆိုခဲ့ကြောင်း နယ်စပ်ဒေသ အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်း စောအဲလက်စ်က ပြောကြားသည်။
“ကျွန်တော်တို့က အဓိက နယ်စပ်မှာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေပေါင်းပြီး အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပိုမိုအားကောင်းလာအောင် လှုပ်ရှားခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ” ဟု ၎င်းက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် နယ်စပ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၀ ကျော်ရှိ   ကိုယ်စားလှယ်များက မေလနှင့် ဇွန်လအတွင်း ဆွေးနွေးမှုများ ပြုလုပ်ကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်းဆောင်ရွက်ခွင့်ပြုရေးကို တင်ပြရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းအပြင် နယ်စပ်ဒေသများသို့ ရောက်ရှိနေသော တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းများအား မူလနိုင်ငံသားများအဖြစ် ပြန်လည်အသိအမှတ်ပြုပေးရန်နှင့် အမည်ပျက်စာရင်း ရှိသူများကိုလည်း တိတိကျကျ ထုတ်ပြန်ပေးရန် တောင်းဆိုထားကြောင်း နယ်စပ်ဒေသ အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

“Blacklist (အမည်မည်း) စာရင်းထဲ ဝင်နေတဲ့ သူတွေက ဘယ်သူတွေလဲ၊ ဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်တုန်းက ထုတ်ပြန်ထားလဲ၊ ဖြုတ်ပေးလိုက်ပြီလား စတာတွေကို တိတိကျကျ မသိဘူး” ဟု စောအဲလက်စ်က ဆိုသည်။

ယင်းသို့ Blacklist (အမည်မည်း) စာရင်းများ ရှိနေခြင်းကြောင့် အရပ်ဘက် လူမှုကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အခက်အခဲ အဟန့်အတားများလည်း ရှိကြောင်း နယ်စပ်အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်စာ ပေးပို့ခဲ့သော အရပ်ဘက် အဖွဲ့အစည်းများမှာ နိုင်ငံရေး ဖိနှိပ်မှုများကြောင့် မြန်မာနိုင်ငံ နယ်နိမိတ်ကျော်၍ ကချင်၊ ရှမ်း၊ ကရင်၊ မွန်နှင့် တနင်္သာရီ နယ်စပ်ဒေသများတွင် ၁၉၉၅ ခုနှစ် ကျော်များမှ စတင်၍ နယ်စပ်ဒေသ အသီးသီးရှိ  လွတ်မြောက်နယ်မြေများကို အခြေခံကာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးတို့ကို ဆောင်ရွက်နေသော အဖွဲ့များ ဖြစ်ကြသည်။