News

POST TYPE

LOCAL

မင်းသမီး မထွေးလေးအုတ်ဂူ နေရာပြောင်းမည်
06-Jan-2019

မန္တလေး၊ဇန်နဝါရီ ၆

မြန်မာ့သဘင်သမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သည့် မင်းသမီးကြီး မထွေးလေး၏အုတ်ဂူကို မူလသုသာန်နေရာမှ ပြောင်းရွေ့သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း သဘင်အစည်းအရုံးထံမှ သိရသည်။

မင်းသမီးမထွေးလေး၏ အုတ်ဂူသည် တံတားဦးမြို့ မြင်းဝန်သုသန်တွင်ရှိပြီး ယင်းသုသာန်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဇန်နဝါရီလ ၉ ရက်တွင် ဖျက်သိမ်းမည်ဖြစ်သဖြင့် မထွေးလေးအုတ်ဂူကို နွားကျော်ထ သုသာန်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း မန္တလေးတိုင်းသဘင်အစည်းအရုံးအတွင်းရေးမှူး ဦးပေါက်ကျိုင်းက ပြောကြားသည်။

“မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)က ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လုပ်နေတာဖြစ်လို့ မင်းသမီး မထွေးလေးအုတ်ဂူကို ဒြပ်ရှိယဉ်ကျေးမှု ထိန်းသိမ်းတဲ့အနေနဲ့ လုပ်တာဖြစ်ပါတယ်။ အရိုးပဲရရ၊ မြေပဲရရ၊ အုတ်ချပ်ပဲရရ အုတ်ဂူတည်မှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အုတ်ဂူရွေပြောင်းနိုင်ရန် ဇန်နဝါရီလ ၇ ရက်တွင် နွားကျော်ထသုသန်တွင် အုတ်ဂူတည်မည်ဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်တွင် ရွှေ့ပြောင်းမည်ဖြစ်ကြောင်း မန္တလေးတိုင်း သဘင်အစည်းအရုံးထံမှ သိရသည်။

မင်းသမီး မထွေးလေးသည် မြန်မာ့အငြိမ့်သဘင်လောကတွင် အောင်မြင်ထွန်းပေါက်ခဲ့သော မင်းသမီးကြီးတစ်ဦးဖြစ်ပြီး ဘိုးတော်ဘုရား၏ မြေးတော်စပ်သူ ဦးသီဟနှင့် ဒေါ်မမကြီးတို့က ၁၂၂၉ ခုနှစ် (ခရစ်နှစ် ၁၈၆၇)တွင် မန္တလေးမြို့ ဗောဓိကုန်းရပ်ကွက်၌ မွေးဖွားခဲ့ကြောင်း၊ခရစ်နှစ် ၁၉၂၈ တွင် တံတားဦးမြို့၌ ကွယ်လွန်ခဲ့သဖြင့် မြင်းဝန်သုသာန်တွင် အုတ်ဂူနှင့် သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

M-05