POST TYPE

LOCAL

နှစ်သစ်ကူးည ရန်ကုန်ဆေးရုံကြီးသို့ လူနာ ၁၇၀ ကျော်ရောက်
02-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၂

နှစ်သစ်ကူးည၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဆေးကုသမှုဌာနသို့ ရောက်ရှိလာသည့် လူနာဦးရေသည် ၁၇၀ ကျော်ရှိပြီး ပြီးခဲ့သည့်နှစ်အောက် အနည်းငယ်လျော့ကျကြောင်း ယင်းဆေးရုံကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြောကြားသည်။

“ဆေးရုံရောက်လာတဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာနဲ့ ယာဉ်မတော်တဆဖြစ်တာနဲ့ အစုံပါပဲ”ဟု ၎င်းကဆိုသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နှစ်သစ်ကူးရက်တွင် ထိခိုက်ဒဏ်ရာဖြင့် ရောက်ရှိလာသည့်လူဦးရေမှာ ပြင်ပလူနာ ၁၀၀ ဦး၊ အတွင်းလူနာ ၇၀ ဦးနှင့် သေဆုံးရောက်ရှိလူနာ ၃ ဦးရှိကြောင်း ယင်းဆေးရုံကြီးက ထုတ်ပြန်သည်။

ယင်းဆေးရုံကြီးသည် ခုတင် ၂၀၀၀ ဆံ့ ဆေးရုံကြီးဖြစ်ပြီး ဆေးရုံ၏အရေးပေါ်ဆေးကုသမှုဌာနကို အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း ပိတ်ရက်မရှိ ၂၄ နာရီ ဖွင့်လှစ်ကုသလျက်ရှိသည်။

ထို့ပြင် နှစ်သစ်ကူးည၌ မတော်တဆ ထိခိုက်ဒဏ်ရာများကို အရေးပေါ်ကုသမှုပေးနိုင်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဆေးကုသမှုဌာနကို ဝန်ထမ်းအင်အားနှစ်ဆခန့် တိုးမြှင့်၍ ချထားပေးခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးည၌ အရေးပေါ်ဆေးကုသမှုဌာနသို့ ရောက်ရှိသည့်လူနာမှာ ၂၀၀ ခန့်ရှိကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ဖြည့်စွက်ပြောကြားသည်။

J-12