News

POST TYPE

LOCAL

ရှမ်းအရှေ့တွင် တစ်ရက်အတွင်း လူငယ်နှစ်ဦးထံမှ မူးယစ်ဆေးပြား တစ်သောင်းသုံးထောင်ကျော်ဖမ်းမိ
27-Dec-2018

ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၆

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် တုံတာမြို့တို့ တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့တစ်ရက်အတွင်း လူငယ်နှစ်ဦးထံမှ ကျပ်သိန်း ၁၃၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတစ်သောင်း သုံးထောင်ကျော်ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းများထံမှ သိရသည်။

တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မိုင်းဆတ်မြို့ဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် ကျလော (၂၂ နှစ်)ကို တားဆီးရှာဖွေရာမှ ကျပ်သိန်း ၁၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ဖမ်းဆီးရမိခဲ့၍ ၎င်းကို မူး/စိတ်ပုဒ်မ ၁၉ (က)ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မ ရဲစခန်းထံမှ သိရသည်။

အလားတူ တုံတာမြို့ အမှတ်(၁) ရပ်ကွက်တွင် ဒီဇင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်က ဆိုင်ကယ်စီးနင်းလာသည့် လော်ဖြိုး (၂၀ နှစ်)ထံမှ ကျပ် ၃၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၄၃ ပြား ဖမ်းဆီးရမိခဲ့၍ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အရေးယူထားကြောင်း တုံတာ နယ်မြေရဲစခန်းထံမှ သိရသည်။

R-16