News

POST TYPE

LOCAL

YBS ယာဉ်လိုင်းများတွင်သုံးမည့် ငွေပေးချေကတ်စနစ်အတွက် MIC မှ ပစ္စည်းတင်သွင်းခွင့်ပါမစ်ရရန်စောင့်နေဟု ဝန်ကြီးပြောကြား
13-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

YBS ယာဉ်လိုင်းများတွင် ငွေပေးချေကတ်စနစ် တပ်ဆင်ကျင့်သုံးရန် ပြည်ပမှ နည်းပညာသုံးပစ္စည်းများ တင်သွင်းခွင့်ရရှိရန် ပြည်ထောင်စုအဆင့် ရင်းနှီးမြှုပ်နှံမှု ညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုမိန့်ကိုစောင့်နေကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ကရင်လူမျိုးတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

“အခု ပြည်ထောင်စုအဆင့် MIC ပါမစ်ရဖို့ အကုန်လုံး တင်ထားပြီးပြီ။ ခွင့်ပြုမိန့်ကျတဲ့အချိန်ကိုပဲ ကျွန်မတို့လည်း စောင့်နေတယ်။ ဘတ်စ်ကားရဲ့ ဝင်တဲ့နေရာ၊ ထွက်တဲ့နေရာ၊ နောက် Tax In Cash Box စနစ်တွေ၊ လိုအပ်တဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေကို တပ်ဆင်မှာပါ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ငွေပေးချေကတ်စနစ် ဆောင်ရွက်ရေးအတွက် Asia Starmar Transport Intelligent ကုမ္ပဏီဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်က နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီးဖြစ်သည်။

ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုညွှန်ကြားမှုဦးစီးဌာန ခွင့်ပြုမိန့်ကျ၍ ပစ္စည်းတင်သွင်းခွင့်ရရှိပြီးပါက Asia Starmar Transport Intelligent ကုမ္ပဏီအနေနှင့် YBS ယာဉ်စီးရေ ၄၀၀၀ ကို ကိုးလအတွင်း စက်ယန္တရားများ အပြီးတပ်ဆင်ပေးရန် သဘောတူညီမှုစာချုပ် ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

သို့သော် ငွေပေးချေကတ်စနစ် စတင်နိုင်မည့်အချိန်ကာလနှင့်ပတ်သက်၍ လုပ်ငန်းအဆင့်ဆင့်ရှိခြင်းကြောင့် လတ်တလောတွင် ကြိုတင်ပြောကြားရန် မလွယ်ကူကြောင်း ရန်ကုန်တိုင်းအများ ပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ စုံစမ်းသိရသည်။

ယင်းအကြောင်းအရာနှင့်ပတ်သက်၍ Asia Starmar Transport Intelligent ကုမ္ပဏီမှ ဖုန်းနံပါတ် ဝ၉၃၄၀၁၂၅၁၈၈ နှင့် ဝ၉၂၅၀၁၄၃၈၀၄ သို့ မေးမြန်းရာတွင် ကုမ္ပဏီလုပ်ငန်းဆောင်ရွက်မှု အခြေအနေအပေါ် မှတ်ချက်ပြုရန်မရှိကြောင်း ပြောကြားသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် Yangon Paymant Services(YPS) ငွေပေးချေကတ်စနစ်ဖြင့် ဝန်ဆောင်ပေးမည့်အစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ၌ လုပ်ငန်းစတင်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့သည်။

J-17