News

POST TYPE

LOCAL

ကျောင်းဆရာမထံမှ ပိုက်ဆံအိတ်လုပြေးသူကို ဒေသခံများဝိုင်းဖမ်း
06-Dec-2018
မန္တလေး၊ ဒီဇင်ဘာ ၅

သာစည်မြို့နယ် ချမ်းသာကြီးကျေးရွာဒေသခံ ကျောင်းဆရာမတစ်ဦး ဒီဇင်ဘာလ ၄ ရက်နေ့က နေအိမ်မှ ကျောင်းသို့သွားစဉ် ပိုက်ဆံအိတ် လုယူခံခဲ့ရရာ လုပြေးသည့်အမျိုးသားကို ကျေးရွာဒေသခံများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဆရာမ ဒေါ်ခင်သီတာ နေအိမ်မှနေ၍ နှောပင်ကျေးရွာရှိ မူလတန်းကျောင်းသို့ စက်ဘီးဖြင့်သွားနေစဉ် အမျိုးသားတစ်ဦး မောင်းနှင်လာသောဆိုင်ကယ်က ကျော်တက်သွားပြီးနောက် နှောပင်ကျေးရွာ မူလတန်းကျောင်းရှေ့အရောက်တွင် ဆိုင်ကယ်ကိုပြန်လှည့်ကာ စက်ဘီးခြင်းအတွင်းမှ ခဲတံ၊ ဘောပင်နှင့် ငွေ ၃၀၀၀ ကျပ်ပါသော ပိုက်ဆံအိတ်ကို လုယူခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လုယူသည့်အမျိုးသားသည် ဆရာမကိုပါ တွန်းလှဲလိုက်သဖြင့် ဒေါ်ခင်သီတာက ပတ်ဝန်းကျင်သို့ အကူအညီ တောင်းရာမှ အနီးပတ်ဝန်းကျင်ရှိ ရွာသားများက ထိုအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လုယက်မှုကျူးလွန်သူမှာ မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် ချစ်ကိုဆိုသူဖြစ်ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် လုယက်မှုကျူးလွန်ခဲ့သူ ချစ်ကိုဆိုသူကို သာစည်မြို့မရဲစခန်းက (ပ)၂၆၀/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ - ၃၈၂ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း ယင်းရဲစခန်းထံမှ စုံစမ်းသိရသည်။

R-01