News

POST TYPE

LOCAL

စင်ကာပူနိုင်ငံသား ဇနီးမောင်နှံ နှစ်ဦးထံမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ တွေ့ရှိ
29-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရွှေတိဂုံစေတီတော် တောင်ဘက် စောင်းတန်းပေါ်ရှိ ပြည်ပငွေကြေး ကောက်ခံရေးကောင်တာတွင် အခွန်ဆောင်ရန် ငွေပေးချေသည့် စင်ကာပူနိုင်ငံသား ဇနီးမောင်နှံနှစ်ဦးထံမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဗီဇာကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော စင်ကာပူနိုင်ငံသား အသက် ၄၃ နှစ် Mr. Chin Kuo Kuang နှင့် ၎င်း၏ ဇနီး အသက် ၄၀ နှစ် Ms.Lin Bee Fun တို့မှာ နိုဝင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခွဲက ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းရှိ ပြည်ပငွေကြေး ကောက်ခံရေးကောင်တာတွင် အခွန်ဆောင်ရန်အတွက် တစ်သောင်းကျပ်တန် ငွေစက္ကူ သုံးရွက်ကို ထုတ်ပေးခဲ့သည်။

ယင်းငွေစက္ကူများမှာ အတုများဖြစ်နေသောကြောင့် စေတီတော်လုံခြုံရေးအဖွဲ့မှ စင်ကာပူနိုင်ငံသား ဇနီးမောင်နှံကို ဂေါပကအဖွဲ့ရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ အခွန်ဆောင်သည့် တစ်သောင်းကျပ်တန် ငွေစက္ကူသုံးရွက် အပါအဝင် စုစုပေါင်း တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၄၅ ရွက်ကို ၎င်းတို့ထံမှ သိမ်းဆည်းရမိခဲ့သည်။

ငွေစက္ကူအတုများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ စစ်ဆေးရာ စင်ကာပူနိုင်ငံသား ဇနီးမောင်နှံမှာ ကုမ္ပဏီကိစ္စတစ်ခုဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်းနှင့် ကမ္ဘာအေးဘုရားလမ်း၊ ဆရာစံရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေကြောင်း၊ အဆိုပါငွေစက္ကူများကို စင်ကာပူနိုင်ငံရှိ Money Changer ဆိုင်တစ်ဆိုင်မှ အိန္ဒိယလူမျိုးထံတွင် စင်ကာပူဒေါ်လာ ၄၀၀ ဖြင့် လဲလှယ်ရယူခဲ့ပြီးနောက် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိလာချိန် နိုင်ငံခြားသားများ အခွန်ပေးဆောင်ရသည့် ကောင်တာတွေ ယင်းငွေကို ပေးချေရာမှ ခေါ်စစ်ဆေးမေးမြန်းခံရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ၎င်းတို့နှစ်ဦးကို ဒဂုံမြို့မရဲစခန်း က (ပ) ၁၃၃/၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03