News

POST TYPE

LOCAL

တောဆင်ရိုင်းအုပ်လိုက်ဝင်စား၍ လယ်ဧက ၃၀ ကျော်ပျက်စီး
19-Nov-2018
ကလေး၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်အနောက်ဖက်ကမ်းရှိ မန်မော်၊ ဒိုးချုံနှင့် မင်းယားရွာမကျေးရွာများတွင် တောဆင်ရိုင်းအုပ်လိုက်ဝင်စား၍ လယ်ဧက ၃၀ ကျော် ပျက်စီးသွားကြောင်း မင်းယားရွာမအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်အောင်စောက ပြောကြားသည်။

တောဆင်ရိုင်း ၅ ကောင်အုပ်သည် နိုဝင်ဘာ ပထမသီတင်းပတ်မှစ၍ ဝင်ရောက်ခြင်းဖြစ်ပြီး စပါးခင်းများကို ဝင်စားသောကြောင့် မန်မော်ရွာရှိ မိုးစပါးစိုက် လယ်ဧက ၂၀ ခန့်၊ ဒိုးချုံကျေးရွာရှိ မိုးစပါးစိုက်လယ်ဧက ၁၀ ခန့်နှင့် မင်းယားရွာမကျေးရွာရှိ မိုးစပါးစိုက်လယ်ဧက ၂ ဧကခန့် ပျက်စီးခဲ့ခြင်းဖြစ်သည်။ 

“တောဆင်ရိုင်းတွေက ရှိနေတုန်းပါပဲ။ ညတုန်းကတော့ ချိန်းချောစက်သံတွေပေးပြီး ခြောက်ထုတ်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့က ထွက်မသွားကြဘူး။ ညသန်းခေါင်လောက်ကျမှ သူတို့ဟာသူတို့ ထွက်သွားကြတယ်”ဟု ဦးတင်အောင်စောက ပြောကြားသည်။

အဆိုပါ ကျေးရွာများသည် ဖောင်းပြင်မြို့နှင့် အနည်းဆုံး ၆ မိုင်အကွာပြီး ယခင်က ၂ နှစ်တစ်ကြိမ်၊ ၃ နှစ်တစ်ကြိမ် ဝင်ရောက်ခြင်းဖြစ်ပြီး ယခုနှစ်များတွင် နှစ်စဉ် စပါးရိတ်သိမ်းခါနီးအချိန်တွင် လယ်ယာများအတွင်း တောဆင်ရိုင်းအုပ် ဝင်ရောက်ဖျက်ဆီးခြင်းကို ခံစားနေကြရသည့်ကျေးရွာများဖြစ်သည်။

ထို့အတွက်ကြောင့် ဒေသခံ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် တောဆင်ရိုင်းအုပ်ကို အစိုးရမှဖမ်းဆီးကာ ထိန်းသိမ်းပေးစေချင်ကြကြောင်း ဒေသခံကျေးရွာသူ ကျေးရွာသားများကပြောသည်။

R-20