News

POST TYPE

LOCAL

မင်္ဂလာဒုံဥယျာဉ်မြို့တော်တွင် ပိုက်ဆံအိတ် လုယူထွက်ပြေးသူနှစ်ဦးကို ဖမ်းမိ
15-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၄

မင်္ဂလာဒုံဥယျာဉ်မြို့တော် (၇) လမ်းရှိ ဘိလပ်မြေဂိုဒေါင်ရှေ့တွင် အမျိုးသားတစ်ဦး၏ ပိုက်ဆံအိတ်ကို လုယူထွက်ပြေးသူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူနှစ်ဦးမှာ အသက် ၁၉ နှစ် သန်းထိုက်ဇော် (ခ) ဖိုးသားနှင့် အသက် ၂၂ နှစ် သူရအောင်တို့ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက် ညနေပိုင်းက ဆိုင်ကယ်တစ်စီးကို အသုံးပြု၍ စက်ဘီးစီးနင်းလာသော အမျိုးသား၏ခါးကြားတွင် ထိုးထားသည့် ပိုက်ဆံအိတ်ကို ဆွဲလုယူထွက်ပြေးခဲ့သည်။

“အခင်းဖြစ်နေ့က လုယက်မှုကျူးလွန်သူနှစ်ယောက်ကို ရပ်ကွက်ထဲမှာရှိတဲ့လူတွေက လိုက်ဖမ်းပေမယ့် မမိလိုက်ဘူး။ လုယက်မှုကျူးလွန်ခဲ့စဉ်က သူတို့ အသုံးပြုခဲ့တဲ့ အပြာရောင်ဆိုင်ကယ်ကို ငါးရက်အကြာမှ ဇုန်ထဲမှာ ထပ်တွေ့ရာက ပြစ်မှုကျူးလွန်သူနှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တာပါ”ဟု ရဲအရာရှိကပြောသည်။ 

လုယက်မှုကျူးလွန်သူ နှစ်ဦးကို မင်္ဂလာဒုံမြို့မ ရဲစခန်းက (ပ) ၁၀၇၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ /၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး အခြားကျူးလွန်ထားသည့်ပြစ်မှုများ ရှိ မရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03