News

POST TYPE

LOCAL

အဖျောက်တိုက်နယ်ဆေးရုံ ဆရာဝန်မရှိ၍ ဒေသခံများ ဆေးကုသရန်ခက်ခဲ
04-Nov-2018

တိုက်ကြီး၊ နိုဝင်ဘာ ၃ 

တိုက်ကြီးမြို့နယ် အဖျောက်မြို့ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည့်အတွက် ဆေးရုံတက်နေကြသည့် အဖျောက်ဒေသခံများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အဖျောက်မြို့ခံ ရပ်မိရပ်ဖများထံမှ သိရသည်။ 

အဖျောက်တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည့်မှာ တစ်လခန့်ရှိပြီးဖြစ်၍ မွေးလူနာများ၊ ရာဇဝတ်ဖြစ်ရာမှ ဒဏ်ရာရရှိသူများကို အခြားဆေးရုံများသို့ ပို့ဆောင်နေကြရသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းတို့က ပြောဆိုသည်။

“အောက်တိုဘာလ ၁ ရက်ကနေ နိုဝင်ဘာလ ၁ ရက်နေ့အထိ တိုက်ကြီးနဲ့တခြားဆေးရုံတွေကို ပို့နေရတာ ၄၂ ခေါက် ရှိပြီ။ အရင်လတွေကဆို တခြားဆေးရုံတွေကို ပို့ရတဲ့လူနာက ၁၀ ယောက်လောက် ပဲရှိတာ”ဟု အဖျောက်မြို့ရှိ အရေးပေါ် လူနာအသက်ကယ်ပို့ဆောင်ရေးအသင်းမှ တာဝန်ခံဦးနေလင်းက ပြောကြားသည်။ 

အဖျောက်ဆေးရုံသို့ လာရောက်သူအများစုမှာ ကျေးရွာဒေသခံများဖြစ်၍ အခြားဆေးရုံသို့သွားရန် အခက်အခဲရှိကြောင်း၊ အရေးပေါ်လူနာ အသက်ကယ်ပို့ဆောင်ရေးအသင်းမှ ငွေကြေးထောက်ပံ့မှုရှိသော်လည်း ရေရှည်တွင် အခက်အခဲဖြစ်ရကြောင်း အဖျောက်တိုက်နယ်ဆေးရုံမှ တိုက်ကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရသည့်လူနာရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ 

“မြို့နယ်အစည်းအဝေးမှာတော့ ကျွန်တော်တို့ရပ်မိရပ်ဖတွေ တင်ပြထားတယ်။ တိုက်ကြီးအထွေထွေအုပ်ချုပ်ရေးကို မေးကြည့်တော့ အဖျောက်မြို့တိုက်နယ်ဆေးရုံမှာ ဆရာဝန်မရှိတဲ့ကိစ္စကို မြောက်ပိုင်းခရိုင်ကို တင်ထားတယ်လို့ ပြောတယ်”ဟု အဖျောက်မြို့မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးသန်းစိုးက ပြောကြားသည်။ 

R-19