News

POST TYPE

LOCAL

လမ်းအသုံးပြုခကောက်ခံမှု ရပ်ဆိုင်းထားသည့် မြို့နယ်ငါးခုရှိ လမ်းပိုင်းကို ဆက်လက်ပြုပြင်သွားမည်
04-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၃

ဇေကမ္ဘာကုမ္ပဏီက BOT စနစ်ဖြင့် လမ်းအသုံးပြုခကောက်ခံနေသည့် လှိုင်သာယာ၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲလမ်းပိုင်းကို ငွေကောက်ခံမှု ရပ်ဆိုင်းထားသော်လည်း လမ်းပိုင်းကိုဆက်လက်ပြုပြင်သွားမည်ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီမှ ဒါရိုက်တာ ဦးရဲဝင်းရှိန်က ပြောကြားသည်။ 

ဇေကမ္ဘာကုမ္ပဏီအုပ်စုက BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် မြို့နယ်ငါးခုရှိ လမ်းများတွင် လမ်းအသုံးပြုခ ကောက်ခံခြင်းများကို အောက်တိုဘာလ ၃၁ ရက် ည ၁၂ နာရီတွင် စတင်ရပ်ဆိုင်းရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားစာကို အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

“ဒီစာထွက်တဲ့အချိန်မှာ ၃၁ ရက် နေ့ ၄ နာရီလောက်က လူမှုကွန်ရက်ပေါ် ရောက်ပြီးမှ ကျွန်တော်တို့ ကုမ္ပဏီကို ည ၈ နာရီလောက်ကျမှ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီစာရောက်လာတယ်။ ဘာကြောင့် လူမှုကွန်ရက်ပေါ် ဒီစာအရင်ရောက်ပြီးမှ တကယ့်တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော်တို့ ကုမ္ပဏီကို ဘာလို့နောက်မှအသိပေးရတာလဲဆိုတာ မေးချင်ပါတယ်။ ဒီဇင်ဘာမှ ပြီးစီးအောင်လုပ်ဖို့ စာချုပ်ချုပ်ထားတာပါ။ ဒါပေမဲ့ လမ်းပိုင်းပြုပြင်တာကိုတော့ စာချုပ်အတိုင်း ဒီဇင်ဘာမှာပြီးစီးဖို့ ဆက်လက်ပြုပြင်သွားမယ်” ဟု ဦးရဲဝင်းရှိန်ကဆိုသည်။

ယင်းကုမ္ပဏီက လှိုင်သာယာ - ဒလ - တွံတေး - ကော့မှူး - ကွမ်းခြံကုန်း - ဒေးဒရဲလမ်းပိုင်း ၅၆ မိုင် ၆ ဖာလုံအနက် လှိုင်သာယာ-ကော့မှူးလမ်းပိုင်း ၄၁ ဒသမ ၄ မိုင်ကိုသာ ကောက်ခံခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်ရှိလမ်းပိုင်း ၁၃ မိုင်ကို ကောက်ခံခွင့် မရ၍ ယင်းလမ်းပိုင်း ၁၃ မိုင်ပြုပြင်ခြင်းကို ၂၀၁၇ ခုနှစ် မိုးတွင်းကာလတွင် ဆိုင်းငံ့ခဲ့သည့်အတွက် လမ်းများဆိုးဝါးစွာ ပျက်စီးခဲ့ကြောင်းသိရသည်။

၂၀၁၇ မိုးအကုန်တွင် ဆိုးဝါးစွာ ပျက်စီးနေသည့် ယင်းလမ်းပိုင်းကို ကုမ္ပဏီက ပြန်လည်ပြုပြင်ရန်နှင့် ပြုပြင်ပြီးပါက BOT ကောက်ခံခြင်းကို ခွင့်ပြုမည်ဟူသော ညှိနှိုင်းချက်ဖြင့် ပြုပြင်ခြင်းလုပ်ငန်း များဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် နိုင်လွန်ကတ္တရာခင်းခြင်း၊ ထပ်ပိုးလွှာ အဆင့်မြှင့်တင်ခြင်းများကိုပါ ပြုလုပ်လျက်ရှိရာ ဒီဇင်ဘာလတွင် အချောသတ်ပြီးစီးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။

“လုပ်ငန်းရှင်က သူရဲ့စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်းဆောင်ရွက် နေရင် ကျွန်တော်တို့ ဘာမှပြောစရာ မလိုပါဘူး။ စာချုပ်ပါစည်းမျဉ်းစည်းကမ်းအတိုင်းပြည့်မီအောင် ဆောင်ရွက်ပေါ့။ ကျင့်ဝတ်လိုက်နာပြီး ဒေသခံတွေ လမ်းကောင်းကောင်းမှာ စိတ်ချလက်ချသွားလာနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ရင်တော့ လုပ်ပေါ့။ မပေးနိုင်ရင်တော့ မလုပ်နဲ့ပေါ့။ စာချုပ်ပါအချက်အလက်အတိုင်းလုပ်ဖို့ ကျွန်တော်တို့က တောင်းဆိုပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး ၃၉ /၂၀၁၈ ဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး စာပါအချက်အလက်များအရ လက်ရှိကောက်ခံနေသည့် လမ်းပိုင်းများအား အသုံးပြုခကောက်ခံခွင့်ကို ယာယီပိတ်သိမ်းရန် ညွှန်ကြားထားပြီး သတ်မှတ်လုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ Stakeholder Meeting ပြုလုပ်ပြီး လမ်းအသုံးပြုခ ပြန်လည်ကောက်ခံရန် အကြောင်းကြားခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇေကမ္ဘာကုမ္ပဏီသည် BOT လုပ်ကိုင်ခွင့်ရရှိသည့်အချိန်မှ ယနေ့အထိ ရင်းနှီးမြှုပ်နှံကုန်ကျစရိတ်နှင့် ဒီဇင်ဘာလအပြီးဆောင်ရွက်မည့်လုပ်ငန်းများအတွက် ကုန်ကျစရိတ် စုစုပေါင်း ၂၂ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားပြီး BOT ကောက်ခံခွင့်ရရှိခဲ့သည့် ၄၁ ဒသမ ၄ မိုင်မှ တစ်နှစ်ဝင်ငွေသိန်း ၅၀၀၀ နှင့် ၆၀၀၀ ကြား ရရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

လှိုင်သာယာ၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲလမ်းပိုင်း လမ်းအသုံးပြုခကောက်ခံခွင့် ရုတ်ရက် ယာယီပိတ်သိမ်းခဲ့သည့်အတွက် တိုးဂိတ် ၃ ခုတွင် ခန့်အပ်ထားသော ဝန်ထမ်း ၁၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း ဇေကမ္ဘာကုမ္ပဏီထံမှ သိရသည်။

J-10