News

POST TYPE

LOCAL

သပိတ်ကျင်းတွင် ကိုယ်စားမဲပေးသူ အမျိုးသမီး ၂ ဦးကို ထိန်းသိမ်း
03-Nov-2018

ပုံစာ - ကိုယ်စားမဲလာပေးမှုဖြစ်ခဲ့သော ဇရပ်ကွင်းမဲရုံ ၂ ကိုတွေ့ရစဉ်



သပိတ်ကျင်း၊ နိုဝင်ဘာ ၃

ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းနယ်မြေ မဲရုံ ၂ တွင် ကိုယ်စားမဲလာပေးသူ အမျိုးသမီးနှစ်ဦးကို ဇရပ်ကွင်းနယ်မြေရဲကင်း၌ လတ်တလော ထိန်းသိမ်းထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) ထံမှ သိရသည်။

မဲဆန္ဒရှင်ကိုယ်စား မဲပေးသူအမျိုးသမီးနှစ်ဦးသည် အဒေါ်အတွက် ကိုယ်စားပေးသူတစ်ဦးနှင့် အဝေးသင်တက္ကသိုလ်သွားရောက်တက်သူ သူငယ်ချင်းကိုယ်စားမဲပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) က သိရသည်။

ယင်းမြို့နယ် ရွေးကောက်ပွဲ ကြီးကြပ်သူ ဦးမျိုးကြိုင်က “အခုတော့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေခေါ်ပြီး စေ့စပ်ညှိနှိုင်းရေးလုပ်မယ်။ ပြီးမှ ဘာလုပ်မယ်ဆိုတာဆုံးဖြတ်မယ်။ အခုတော့ ဇရပ်ကွင်းနယ်မြေရဲကင်းမှာ ထိန်းသိမ်းထားတယ်”ဟု ပြောသည်။

မဲလက်မှတ် သို့မဟုတ် ကြိုတင်မဲလက်မှတ်ကို မသမာနည်းဖြင့် အခြားသူအားပေးခြင်း၊ သူတစ်ပါးအယောင်ဆောင်၍ မဲလက်မှတ်ထုတ်ယူခြင်း၊ မဲပေးခြင်းအား ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၆၀ (ခ) အရ ထောင် ၁ နှစ်နှင့် ငွေဒဏ် ၁ သိန်းချနိုင်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် သပိတ်ကျင်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် လစ်လပ်ကိုယ်စားလှယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံ ၄၅ ရုံနှင့် မဲပေးခွင့်ရှိသူ ၄၉၆၂၂ ဦးရှိကြောင်း သပိတ်ကျင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) စာရင်းများအရ သိရသည်။

ဓာတ်ပုံ - ဘုန်းနေ