News

POST TYPE

LOCAL

ဆယ်နှစ်ကျော်ကာလ ရပ်နားထားသည့် ရုပ်ရှင်ရုံပြန်ဖွင့်
02-Nov-2018



ချောက်၊ နိုဝင်ဘာလ ၂

၁၀ နှစ်ကျော်ရပ်နားထားသည့် မကွေးတိုင်း ချောက်မြို့ အမှတ် ၁၀ ကွက်သစ် အရှေ့ရပ်ကွက်ရှိ ရုပ်ရှင်ရုံကို တော်ဝင်နန်း အဆင့်မြင့်ရုပ်ရှင်ရုံဟု အမည်ပြောင်း၍ နိုဝင်ဘာလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြသသည်။

“ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဝါသနာ အရင်းခံတာပေါ့ ။ ခုကကျတော့ အဆင့်မြင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပေါ်ထွန်းလာတဲ့အခါကျ ကျွန်တော်တို့က ကိုယ့်ရဲ့ မူလဝါသနာ အရင်းခံနဲ့ ရုပ်ရှင်ရုံကြီးကို ပြုပြင်ပြီး အဆင့်မြင့် မြှင့်တင်ပြီး ကိုယ့်မြို့မှာရှိတဲ့ ပရိသတ်တွေ အပန်းဖြေနိုင်အောင်။ စီးပွါးရေးကို အဓိကမထားဘဲ ကိုယ်မြို့ရဲ့ လိုအပ်ချက် အဆင့်မြင့်တဲ့ ရုပ်ရှင်ရုံတစ်ရုံ ပေါ်ပေါက်လာအောင် အပန်းဖြေနိုင်အောင် အဲဒီရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာပါ'”ဟု တော်ဝင်နန်းရုပ်ရှင်ရုံ ပိုင်ရှင်၏ သားဖြစ်သူ ဦးဝင်းဇော်က ပြောသည်။

ယခင် မှန်နန်းရောင် (သို့) သမ္မ္မတ ရုပ်ရှင်ရုံကို ၂၀၀၇ ခုနှစ်က စတင် ရပ်နားထားသည်ဟု ၄င်းရုပ်ရှင်ရုံပိုင်ရှင် ထံမှ သိရှိရသည်။

ချောက်မြို့သူ ရုပ်ရှင်နှင့် ဗွီဒီယိုမော်ဒယ် သရုပ်ဆောင် 2016 miss winner ဆုရှင် ခေးလရောင်က” ရုပ်ရှင်ရုံက ဒီမှာ မရှိတာ ကြာပြီဖြစ်သွားတယ်။ ခုချိန်မှ ပြန်ဖွင့်နိုင်တယ်။ ဒီအတွက် ခေးဝမ်းသာတယ်။ ရုပ်ရှင်ဝါသနာပါတဲ့ သူတွေအများကြီး ခေးကိုယ်တိုင်လည်း ရုပ်ရှင်ဝါသနာပါတယ်။ ကိုယ့်မြို့မှာ ဒီလိုလေး ရှိတာဆိုတော့ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ဒီက မြို့သူ/သားတွေကလည်း ဒါကို မြော်လင့်နေတာကြာပပြီး”ဟု ပြောသည်။

ချောက်မြို့ရှိ ရုပ်ရှင်ချစ်သူ ဝါသနာရှင်များ ယခင် ကျောက်ပန်းတောင်းမြို့နှင့် ပခုက္ကူမြို့များသို့ သွားရောက်ကြည့်ရှုနေရသည့်အချိန်တွင် ယခုကဲ့သို့ ကိုယ့်မြို့ဒေသတွင် ရုပ်ရှင်ရုံပြသပေးသည့်အတွက် အထူးပင် ကျေနပ်ဝမ်းသာနေသည်ဟု ဒေသခံများ ပြောစကားရသိရှိရသည်။

ယင်း ရုပ်ရှင်ရုံအား အတန်း ၄ မျိုးထားရှိ၍ ရုံဝင်ကြေး ၁၀၀၀ ကျပ် ၁၅၀၀ ကျပ် ၂၀၀၀ ကျပ်နှင့် အထူး နှစ်ယောက်တွဲ သီးသန့် ခုံ ၅၀၀၀ ကျပ်တို့ ဖြစ်သည်။ ယင်းရုံသည် တစ်ရက်လျှင် ၄ ကြိမ် ပြသမည်ဖြစ်ပြီး နေ့လယ် ၁၂ နာရီ၊ ၃ နာရီ၊ ညနေ ၆ နာရီခွဲ၊ ၉ နာရီခွဲတို့ ဖြစ်သည်ဟု ယင်းရုပ်ရှင်ရုံထံမှ သိရှိရသည်။

R-24

ဓာတ်ပုံ - နေနိုင်