News

POST TYPE

LOCAL

ပြည်ဝင်ခွင့်မပေးဘဲ လေဆိပ်မှ ပြန်ခိုင်းရသည့် နိုင်ငံခြားသားခရီးသည် လစဉ် ၄၀ ခန့်ရှိ
02-Nov-2018

နေပြည်တော်၊ နိုဝင်ဘာ ၁

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားခရီးသည်များအနက် အန္တရာယ်ရှိသည်ဟု ယူဆရသူများကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုတော့ဘဲ တစ်ခါတည်း လေဆိပ်မှ ပြန်လွှတ်ရသူမှာ တစ်လလျှင် ဦးရေ ၃၀ မှ ၄၀ အထိရှိကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ်အောင်ဌေးမြင့်က ပြောသည်။

၁၂ ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးအစည်းအဝေးကို နေပြည်တော်တွင် ၃ ရက်ကြာပြုလုပ်ခဲ့ပြီး ယနေ့ (နိုဝင်ဘာ ၁) အစည်းအဝေးအပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကိုယ့်နိုင်ငံကိုလာပြီး ပြဿနာရှာနိုင်တယ်လို့ထင်လို့ လေဆိပ်ကနေ အဝင်မခံဘဲ ရာဇဝတ်ကောင်တွေ ပြန်လွှတ်တာ လတိုင်း အနည်းဆုံး သုံး၊ လေးဆယ်လောက်ရှိတယ်”ဟု ၎င်းက ဆိုသည်။ နိုင်ငံဖြတ်ကျော်မှုခင်းများအနေနှင့် မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ ပင်လယ်ရေကြောင်းဓားပြမှု၊ စီးပွားရေးမှုခင်း၊ ဆိုက်ဘာမှုခင်းစသည် တို့ကိုဆိုနိုင်ပြီး မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင် ရောင်းဝယ်မှုကို အများဆုံးတွေ့ရှိနေရကြောင်း၊ ဒုတိယအများဆုံးသည် လူကုန်ကူးမှုဖြစ်နေပြီး အခြားနိုင်ငံများက မိမိတို့နိုင်ငံတွင် လာရောက်လူကုန်ကူးခံရခြင်းမဟုတ်ဘဲ မိမိတို့ နိုင်ငံသားများက အခြားနိုင်ငံတွင် လူကုန်ကူးခံရခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ဆိုက်ဘာမှုခင်း(အင်တာနက်ကို အလွယ်တကူအသုံးပြု၍ ကျူးလွန်သည့် မှုခင်းများ) သည်လည်း တတိယအဖြစ်များသည့်အခြေအနေဖြစ်နေပြီး ငွေကြေးလိမ်လည်ခြင်း၊ အမုန်းတရားပွားစေသည့် ကျူးလွန်မှုများဖြစ်ပွားလာကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ ဌာနကြီးမှူးက ရှင်းပြသည်။

“နှစ်နိုင်ငံ ဝင်ထွက်သွားလာတဲ့သူတွေပေါ့။ ကျွန်တော်တို့ရဲ့ MoU ထိုးထားတဲ့ နိုင်ငံမျိုး၊ ဥပမာစင်ကာပူလိုနိုင်ငံမျိုး၊ ကိုရီးယားလိုနိုင်ငံမျိုး၊ ဩစတြေးလျလိုနိုင်ငံမျိုး၊ သူတို့နိုင်ငံမှာ ဒီလူတွေအပြင် ထွက်သွားပြီ၊ မြန်မာနိုင်ငံကိုလာတော့မယ်ဆိုတာနဲ့ အဲ့ဒီလူဟာ ငါတို့နိုင်ငံမှာဘယ်လို ပြစ်မှုမျိုးကျူးလွန်တယ်၊ ဘယ်လိုဇရှိတဲ့ အမှုမျိုးကျူးလွန်တယ်၊ အစရှိသဖြင့် သတင်းအချက်အလက်ကို အစောကြီးတည်းကပေးတယ်။ လေယာဉ်လက်မှတ်ကို စဖြတ်လိုက်တည်းက၊ ဝယ်ဖို့ ဘိုကင်တင်လိုက်တဲ့ အချိန်တည်းကိုက သူတို့ကသတင်းလှမ်းပို့လိုက်တယ်။ ဒါဆို ကျွန်တော်တို့က ဒီကောင်ကို ကျွန်တော်တို့က စောင့်ကြည့်လို့ရပြီ”ဟု ရဲမှူးချုပ်အောင်ဌေးမြင့်က ရှင်းပြသည်။

ယင်းကဲ့သို့ နိုင်ငံအချင်းချင်း အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှု၊ သတင်းအချက်အလက်ပေးပို့မှု စသည်တို့ကို ဆက်စပ်ဆွေးနွေးမှုသည်လည်း အာဆီယံဒေသအတွက် အဓိကကျသော ဆွေးနွေးမှုဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အာဆီယံဒေသတွင် အကြမ်းဖက်မှု ပြဿနာမှာ ၂၀၁၀ ပြည့်လွန်ကာလမှစ၍ ကူးစက်လာပြီး လက်နက်နှင့် နည်းပညာအားကိုးကာ စည်းရုံးသိမ်းသွင်းခြင်း၊ ဝါဒမှိုင်းတိုက်ခြင်းစသည့်လမ်းစဉ်များကို ပြုလုပ်လာကြောင်း ၎င်းကမှတ်ချက်ပြုသည်။

S-01