News

POST TYPE

LOCAL

အင်းစိန်ခုံးကျော်တံတားပေါ် YBS ၁၆ ခရီးသည်တင်ယာဉ် မီးလောင်
02-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ခုံးကျော်တံတား ဗဟိုလမ်းဘက်အဆင်း၌ နိုဝင်ဘာလ ၁ ရက် နံနက် ၆ နာရီခွဲ အချိန်က YBS ၁၆ ယာဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များ ဒဏ်ရာရရှိသူမရှိကြောင်း အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဦးကိုကိုထွေးက ပြောကြားသည်။

အဆိုပါ YBS ၁၆ ယာဉ်ကို ယာဉ်မောင်းဦးစည်သူ မောင်းနှင်လာပြီး ယင်းကားသည် ခရီးသည်တင်ဆောင်ပြီး လှိုင်သာယာဘက်မှ မြောက်ဥက္ကလာပဘက်သို့အသွား အင်းစိန်ခုံးကျော်တံတားအပေါ်အရောက် ဗဟိုလမ်းအဆင်းတွင် ကားနောက်ဘက်ရှိ စက်ခန်းမှ ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ထိခိုက်ဒဏ်ရာရရှိတာတော့ မရှိဘူး။ ယာဉ်မောင်းကိုတော့ အမှုဖွင့်ထားပါတယ်”ဟု အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ စခန်းမှူးဦးကိုကိုထွေးကဆိုသည်။

YBS ၁၆ ယာဉ်မှာ နံနက် ၆ နာရီခွဲတွင် မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဉ် ၃ စီးဖြင့် ငြှိမ်းသတ်ရာ နံနက် ၇ နာရီတွင် မီးငြိမ်းပြီး ခရီးသည်များ ဒဏ်ရာရရှိသူမရှိဘဲ ကျပ် ၃ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း အင်းစိန်မြို့နယ်မြို့မရဲစခန်းထံမှ သိရသည်။