News

POST TYPE

LOCAL

မတူပီတွင် မတူဖိုရမ်ကျင်းပမှု ချင်းပြည်နယ်အစိုးရ တားမြစ်
26-Oct-2018
ကလေး၊ အောက်တိုဘာ ၂၅ 

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကျင်းပနေသည့် မတူဖိုရမ်ကို ဒုတိယမြောက်နေ့တွင် ဆက်လက်ကျင်းပခြင်း မပြုလုပ်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့က တားမြစ်ခဲ့ကြောင်း မတူဖိုရမ်ကျင်းပရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဗန်နွေဒိန်းက ပြောကြားသည်။ 

မတူဖိုရမ်ကို အောက်တိုဘာလ ၂၃ ရက်နေ့မှစ၍ သုံးရက်ကြာ ကျင်းပနေခြင်းဖြစ်ပြီး ကျင်းပပြီး နှစ်ရက်အကြာ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေတွင် မတူပီမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးမှ ပြည်နယ်အစိုးရအဖွဲ့က ဆက်လက်ကျင်းပခြင်း မပြုလုပ်ရန် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မတူပီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် မတူဖိုရမ်ကျင်းပရေးကော်မတီနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့တွေ့ဆုံစဉ် မတူဖိုရမ်သည် ချင်းပါတီများ၏ နိုင်ငံရေး လုပ်ဆောင်မှုဖြစ်သည့်အတွက်ဆိုကာ တိုင်တန်းမှုများရှိခဲ့ခြင်းကြောင့် တားမြစ်ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က အကြောင်းကြားလာသည့်အတွက် တားမြစ်ရခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုကြောင်း ၎င်းက ရှင်းပြသည်။ 

“အခု ဆက်လုပ်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် နိုင်ငံရေးအတွက် လုပ်နေတာလည်း မဟုတ်ဘူး။ အမျိုးသားစည်း လုံးညီညွတ်ရေး မတူမျိုးနွယ်စုအတွက် တွေ့ဆုံပွဲပဲ။ တိုင်းရင်းသားဒေသမှာ မြေပြန့်လို အုပ်ချုပ်မှုမြန်တဲ့ နေရာမဟုတ်ဘူး။ တကယ့်ရှားပါးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် တွေ့ဆုံမှုတွေ အမြင်ဖွင့်သင်တန်းတွေ လူထုတွေ့ဆုံပွဲတွေ အရမ်းလိုအပ်တဲ့အတွက် ရှေ့ကိုဆက်သွားနေပါတယ်”ဟု ဒေါ်ဗန်နွေဒိန်းက ပြောဆိုသည်။ 

မတူပီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် မတူပီမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်များက မတူဖိုရမ်သည် ချင်းပါတီများ၏ နိုင်ငံရေးလုပ်ဆောင်မှုဟုဆိုပြီး တိုင်ကြားထားသည့်အတွက် ယခုကဲ့သို့ တားမြစ်မှုများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု မတူဖိုရမ်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ပြောကြားသည်။

မတူဖိုရမ်ကို လူဦးရေ ၁၅၀ ဖြင့် မတူလူမျိုးနွယ်စုများ စည်းလုံးညီညွတ်မှု အားကောင်းလာစေရေး၊ ဆွေမျိုးသားချင်းများ တွေ့ဆုံခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍမြင့်တက်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း ပွဲစီစဉ်ကျင်းပသူများက ပြောဆိုထားသည်။ 

R-20


  • VIA