News

POST TYPE

LOCAL

ဖားကန့်တွင် လုံခြုံရေးရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရေမဆေးသမားတစ်ဦး ဒဏ်ရာရ
16-Oct-2018
မြစ်ကြီးနား၊ အောက်တိုဘာ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းကြီးကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်က ကျောက်ရှာဖွေသူ ရေမဆေးသမားများနှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကုမ္ပဏီလုပ်ကွက် အတွင်းသို့ အင်အား ၂၀၀ ခန့်ရှိ ရေမဆေးသမားများက ကျောက်စိမ်းဝင်ရောက်ရှာဖွေရန် ကြိုးစားရာတွင် လုပ်ကွက်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်တားဆီးရာမှ ရေမဆေးသမားတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်စွာအောင်က အတည်ပြုပြောကြားသည်။

“ဝဲခြေထောက်မှာ သေနတ်တစ်ချက်ထိမှန်ပြီး ညာဘက်မှာက ကျောက်စထိမှန်တယ်။ အခုနောက်ပိုင်းတော့ ဘာမှမဖြစ်တော့ပါဘူး” ဟု ၎င်းက ဆိုသည်။ 

ယင်းဖြစ်စဉ်အတွင်း အခြားသောရေမဆေးကျောက်ရှာဖွေသူများ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဘဲ ဝခေါင်နွန်း အသက် ၁၉ နှစ်မှာ ခြေထောက်၌ သေနတ်ကျည်ဆန်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ၎င်းကိုဆေးရုံသို့ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များအတွင်း လုံခြုံရေးရဲတပ်ဖွဲ့နှင့် ရေမဆေးသမားများအကြား မကြာခဏပဋိပက္ခဖြစ်ပွားလေ့ရှိပြီး ရေမဆေးသမားများသေဆုံးမှုရှိနေရာ ပြီးခဲ့သည့်စက်တင်ဘာလ ၆ ရက်နေ့ကလည်း ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း ရေမဆေးသမားများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် သေနတ်ဖြင့်ပစ်ခတ်မှုများရှိခဲ့သော်လည်း ယင်းဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူ မရှိခဲ့ပေ။

R-06