News

POST TYPE

LOCAL

ရှိခိုးကန်တော့ခိုင်းသည့် ၈ တန်းကျောင်းသူများကို အမှုဖွင့်
15-Oct-2018


ကျိုင်းတုံ၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မီးရထားဘူတာဟောင်းတွင် အုပ်စုဖွဲ့ရန်ဖြစ်ကာ ကျောင်းသူတစ်ဦးကို ရှိခိုးကန်တော့ခိုင်းသည့် ၈ တန်းကျောင်းသူများကို အောက်တိုဘာ ၁၃ ရက် ည ၉ နာရီခန့်က အမှုဖွင့်တိုင်ကြားထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ပြောကြားသည်။

“ရှိခိုးကန်တော့လိုက်ရတဲ့ ကျောင်းသူလေးရဲ့ နစ်နာမှုအတွက် နှစ်ဦးနှစ်ဖက် အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းချိန်မှာ အဆင်မပြေဖြစ်တဲ့အပြင် ကန်တော့ခိုင်းခဲ့တဲ့ ကျောင်းသူလေးရဲ့အဖေက မတောင်းပန်ဘဲ ခြိမ်းခြောက်တယ်ဆိုပြီး ညက အမှုလာဖွင့်တာပါ။ ကျောင်းသူ ၁၂ ဦးမှာ ၃ ဦးက ဆိုင်ကယ်စောင့်ကျန်ခဲ့လို့ပါတဲ့ ၉ ဦးနဲ့ အဖေကို အမှုဖွင့်တာပါ”ဟု ၎င်းက ရှင်းပြသည်။

ကျိုင်းတုံမြို့ မီးရထားဘူတာဟောင်းတွင် စက်တင်ဘာ ၂၃ ရက်က မိန်းကလေးငယ်များ အုပ်စုဖွဲ့ရန်ဖြစ်ကာ မိန်းကလေးငယ်တစ်ဦးကို ရှိခိုးကန်တော့ခိုင်းသည့် ဗီဒီယိုရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေ၍ စုံစမ်းခဲ့ရာ အဋ္ဌမတန်းကျောင်းသူများဖြစ်နေကြောင်း သိရှိခဲ့ပြီး ကျောင်းသားမိဘများနှင့် ကျောင်းသူ ၁၂ ဦးကို ခေါ်ယူတွေ့ဆုံပြီး နောက်တစ်ကြိမ်မဖြစ်စေရန် ခံဝန်ကတိများ ရေးထိုးစေခဲ့ကြောင်း၊ နစ်နာသည့်ကျောင်းသူ၏ ဖခင်က ရှမ်းရိုးရာထုံးစံအရ လိပ်ပြာခေါ်ယူရန် ကျပ်သိန်း ၅၀ တောင်းခဲ့၍ နှစ်ဦးနှစ်ဖက် သီးသန့်ညှိနှိုင်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်လင်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကတ်တောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် အဋ္ဌမတန်းကျောင်းသူ မနန်းခမ်းတစ်အပါအဝင် ၁၀ ဦးကို (ပ) ၄၅၅/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၅၄/ ၃၂၃/ ၅၀၆/ ၁၁၄ ဖြင့် အရေးယူထားပြီး ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16