News

POST TYPE

LOCAL

ကျူးကျော်စာရင်းများ နှစ်လကျော်ကြာသည့်အထိ မကောက်သေး
26-Jul-2016
ရန်ကုန်၊ ဇူလိုင် ၂၅

ရန်ကုန်တိုင်းအတွင်း ကျူးကျော်စာရင်း ကောက်ပြီး မေလ ၂၆ ရက်မှစ၍ မင်းမဲ့စရိုက်ဆန်စွာ ကျူးကျော်သူများကို ဥပဒေအရ အရေးယူမည်ဟု တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ ၂၅ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သော်လည်း နှစ်လကျော် ကြာသည့်အထိ ဆောင်ရွက်ချက် တစ်စုံတစ်ရာ မရှိသေးကြောင်း ကျူးကျော်စာရင်းများ ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ဇွန်လဆန်းမှစ၍ ကျူးကျော်များကို စာရင်းကောက်ယူရန် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် ဖွဲ့စည်းထားသော်လည်း လက်ရှိအချိန်ထိ စာရင်းမကောက်ခံရသေးကြောင်း အဆိုပါ အဖွဲ့ထံမှ ဆက်လက်သိရသည်။

“ကျူးကျော်များ နေရာချထားရေးနဲ့ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးဖို့ ကျူးကျော်များ စာရင်းကောက်တဲ့အဖွဲ့ ဖွဲ့ထားပြီး ဖြစ်ပေမယ့် ဒီနေ့အထိ စာရင်းမကောက်ရသေးပါဘူး။ ဘယ်နေ့စကောက်မယ် ဆိုတာတော့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားမှ စကောက်ရမှာပါ” ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။

မေလ ၂၅ ရက် မတိုင်ခင်အထိ ရန်ကုန်တိုင်းအတွင်းမှ ခရိုင်လေးခုတွင် အမှန်တကယ် ကျူးကျော်နေထိုင်သည့်သူများ စာရင်းကောက်ခံကာ နေရာချထားရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် ဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေလ၂၅ ရက်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တို့တွင် မေ ၂၆ ရက် နောက်ပိုင်း ကျူးကျော်များ ထပ်မံဝင်ရောက်လာကြောင်း ယင်းမြို့နယ်မှ ဒေသခံ ပြည်သူများထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅,၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇,၇၃၈ ရှိကာ ကျူးကျော် နေထိုင်သူဦးရေ ၄၃၁,၀၅၀ ခန့် ရှိကြောင်း တိုင်းအစိုးရ၏ သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

လက်ရှိ ရန်ကုန်တိုင်းတွင် ကျူးကျော်အများစု နေထိုင်သည့် နေရာများမှာ အစိုးရစီမံကိန်း အကောင်အထည် မဖော်ဖြစ်သည့် မြေနေရာများ၊ လယ်မြေများ၊ မြစ်ချောင်းဘေးများနှင့် လမ်းဘေးနေရာများတွင် ကျူးကျော်နေထိုင်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးထံမှ သိရသည်။    

တိုင်းဝန်ကြီးချုပ်ကို အပြောနှင့် မလုပ်ဘဲ လက်တွေ့ပြတ်သားစွာ လုပ်ဆောင်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်က ဇူလိုင်လ ၁၈ ရက် တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် မှာကြားခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူက ပြောကြားထားသည်။