News

POST TYPE

LOCAL

ဖဲလိမ်ရိုက်သည်ဟု စွပ်စွဲပြောဆိုသည့် ရာအိမ်မှူး ဓားထိုးခံရ၍ သေဆုံး
10-Oct-2018
ပြည်၊ အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့၊ မှော်ဇာအုပ်စု၊ ကျောင်းကုန်းကျေးရွာမှ နာရေးအိမ်တစ်အိမ်ရှိ ဖဲဝိုင်းတွင် ဖဲလိမ်ရိုက်သည်ဟု စွပ်စွဲပြောဆိုသည်ကို မကျေနပ်၍ ဓားဖြင့်ထိုးရာမှ ရာအိမ်မှူးတစ်ဦး သေဆုံးမှု အောက်တိုဘာလ ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပြည်မြို့၊ အမှတ် (၃) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းနေ့နံနက်အစောပိုင်း ၃ နာရီခန့်က နာရေးအိမ်တွင် အသက် ၄၂ နှစ် အရွယ်ရာအိမ်မှူး ဦးနိုင်ဦးနှင့် အသက် ၃၂ နှစ်အရွယ် ဦးဇော်မင်းထွန်းအပါအဝင် စုစုပေါင်း ၇ ဦး ဖဲရိုက်ရာမှ ဦးဇော်မင်းထွန်းမှာ ဖဲလိမ်ရိုက်သည်ဟု ကိုနိုင်ဦးကပြောဆိုရာတွင် ဖဲဝိုင်းပျက်သွားခဲ့ပြီး ဦးနိုင်ဦးမှာ နေအိမ်သို့ပြန်ရန် နာရေးခြံဝင်းမှထွက်ကာ တာလမ်းမသို့ ထွက်ခွာသွားစဉ် ဖဲလိမ်ရိုက်သည်ဟု စွပ်စွဲခံရသူ ဦးဇော်မင်းထွန်းက နောက်မှလိုက်ကာ ရန်ဖြစ်ခဲ့ပြီး ဓားဖြင့်ထိုးသောကြောင့် ဦးနိုင်ဦးမှာ အခင်းဖြစ်ရာနေရာမှာပင် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ဖြစ်တာက ဒေါသအလျောက်ပေါ့ဗျာ။ ဒေါသအလျောက်ဆိုတာက ဖဲဝိုင်းမှာ အဆင်မပြေတာလေးတွေ ဖြစ်ကြတယ်လို့သိရတယ်”ဟု အမှတ် ၃ နယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်ဟန်ဝင်းမောင်က ပြောဆိုသည်။

ကျူးလွန်သူ ဦးဇော်မင်းထွန်းမှာ တိမ်းရှောင်နေပြီး အမှုနှင့်ပတ်သက်၍ ပြည်မြို့ အမှတ် (၃) ရဲစခန်းက (ပ) ၅၆၃/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ တရားလိုနှင့် သက်သေများစစ်ဆေးခြင်း၊ ထွက်ပြေးတိမ်းရှောင်နေသူအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။ 

M-06


  • VIA