News

POST TYPE

LOCAL

ကျောင်းသားများ ဆန္ဒပြရန် မလိုတော့ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ပြောကြား
26-Jul-2016
ရန်ကုန်၊ ဇူလိုင် ၂၅

ရွေးကောက်ခံအစိုးရ တာဝန်ယူနေပြီ ဖြစ်၍ ပညာရေး ပြုပြင်ပြောင်းလဲရေး ကိစ္စများတွင် ကျောင်းသားများ အနေနှင့် ဆန္ဒပြ လှုပ်ရှားခြင်းဖြင့် ပေးဆပ်ရန် မလိုကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်က ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ပြုလုပ်သည့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တက္ကသိုလ် သင်ကြားရေး ဆရာများ၊ ကျောင်းသားများ တွေ့ဆုံရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နောင်မျိုးဆက်တွေဖြစ်တဲ့ လူငယ်တွေ ဒီလိုပေးဆပ်စရာ မလိုတော့ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ခဲ့မှုတွေအတွက် ဒီမျိုးဆက်တွေ ထပ်ပြီးတော့ အကျဉ်းထောင်ထဲကို သွားရဦးမယ်လို့ ကျွန်တော်တို့ လမ်းပြနေစရာ မလိုတော့ပါဘူး” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား၊ ကျောင်းသူမျာ အနေနှင့် တစ်စုံတစ်ရာ ညှိနှိုင်းဆွေးနွေးမှု၊ အသိပေး ပြောကြားလိုမှုများ ရှိပါက အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း ပြောကြား၍ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးသို့ တိုက်ရိုက် လာရောက်ဆွေးနွေးနိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ယာယီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ မအိဆွေမြတ်က “ကျွန်မတို့က ပေးဆပ်စရာ မလိုတော့ဘူး ဆိုပေမယ့် ပခုံးထမ်း တင်ပေးရမယ့် တာဝန်တော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စပ်ကူးမပ်ကူး ကာလမှာ လူဖြစ်ရတာကိုး” ဟု မှတ်ချက်ပြု ပြောကြားသည်။

ယခုအခြေအနေသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် ကျောင်းသားများ အနေနှင့် ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ဥပဒေနှင့်အညီ ပူးပေါင်း ပါဝင်ကူညီကြရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုသည်။

အဆိုပါ အခမ်းအနားတွင် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “အခုအခြေအနေက ပြောင်းလဲချိန်တန်ပါပြီ။ မျှဝေရမယ့် အချိန်ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ အနေနှင့် ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် မိမိ၏ ပညာရေး အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်ရေးကိုသာ အာရုံစိုက် ကြိုးစားကြရန် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုက်တွန်းပြောဆိုသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကျောင်းသား၊ ကျောင်းသူများက အမျိုးသားပညာရေး ဥပဒေကိစ္စ၊ အဆင့်မြင့်ပညာ ဥပဒေနှင့် တက္ကသိုလ် ပဋိညာဉ် ရေးဆွဲရေး ကိစ္စရပ်များ၊ ကျောင်းသားသမဂ္ဂများ၏ လှုပ်ရှားခွင့် အခြေအနေများ၊ ရန်ကုန်မြို့အတွင်း သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်အား မေးမြန်းခဲ့ကြသည်။