News

POST TYPE

LOCAL

ဖားကန့်တွင် မြေစာပုံပြိုကျ၍ လေးဦးသေဆုံး
27-Sep-2018
မန္တလေး၊ စက်တင်ဘာ ၂၆

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ သက်ကယ်ကုန်းကျေးရွာအနီးရှိ 3A ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မြေစာပုံပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူလေးဦး သေဆုံးခဲ့ပြီး ရှာဖွေမှုများကိုလည်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရပ်ဆိုင်းကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှသိရသည်။

“ဖြစ်တာက ငါးယောက်ပါ။ တစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။ ဒဏ်ရာလည်း မရဘူး”ဟု ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြေစာပုံပြိုကျရာတွင် ပြုတ်ကျသူ ငါးဦးစလုံးမှာ လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း၊ ၎င်းတို့ကို ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြိုကျသည့်မြေစာပုံသည် အမြင့်ပေ ၂၀ ခန့်သာ ရှိခြင်းကြောင့် ပြုတ်ကျသူ ထပ်မံမရှိနိုင်တော့ကြောင်း၊ ယင်းကြောင့် စက်တင်ဘာလ ၂၅ ရက်ကသာ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရှာဖွေမှုများ ရပ်ဆိုင်းလိုက်ကြောင်း၊ ပျောက်ဆုံးကြောင်း သတင်းပေးပို့မှုရှိမှသာ ထပ်မံရှာဖွေတော့မည် ဖြစ်ကြောင်း ဖားကန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားသည်။

“မနေ့ကရှာတာ မြေစာပုံက ကုန်သွားပြီ။ ပေ ၂၀ ကနေ ကျတာဆိုတော့ အလောင်းထပ်မရှိနိုင်တော့ဘူး”ဟု ၎င်း က ရှင်းပြသည်။

ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရာဒေသ၌ မြေပြိုမှု၊ ကမ်းပါးပြိုကျမှုများ မကြာခဏဖြစ်ပွားလေ့ရှိရာ ၂၀၁၈ ခုနှစ်အတွင်း သေဆုံးသူနှင့် ဒဏ်ရာရသူ စုစုပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။  

M-07


  • VIA