News

POST TYPE

LOCAL

ရန်ကုန်အခြေစိုက် အဝေးပြေးယာဉ်လိုင်းအချို့ လက်မှတ်ခ ကျပ် ၁၀၀၀ မှ ၂၀၀၀ ခန့် တိုးကောက်
23-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၂၂

ရန်ကုန်အခြေပြုပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်းများသည် ဆီဈေးမြင့်တက်နေခြင်းကြောင့် ခရီးစဉ်လမ်းကြောင်းအချို့တွင် လက်မှတ်ခ ကျပ် ၁၀၀၀ မှ ၂၀၀၀ ခန့်အထိ တိုးကောက်မှုများ ရှိနေကြောင်း ခရီးသည်များထံမှသိရသည်။

“ဒီလဒုတိယအပတ်လောက်က ခရီးစဉ်တစ်ကြောင်းကို ၅၀၀ လောက် တိုးကောက်တာပါ။ အခုနောက်ဆုံးအပတ်မှာတော့ ၇၀၀ ကနေ ၁၀၀၀ ကျော်အထိ တိုးသွားပါပြီး။ လက်မှတ်အရောင်းဝန်ထမ်းတွေက ဆီဈေးတက်နေလို့ပါလို့ ပြောပါတယ်”ဟု ရန်ကုန်-နေပြည်တော် ခရီးစဉ်သွားမည့် ခရီးသည်တစ်ဦးက ဆိုသည်။

လက်မှတ်ခများအနေနှင့် နေရာဒေသအပေါ် ဈေးတက်နှုန်းကွာခြားပြီး ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မုဒုံ စသည့် ခရီးစဉ်လမ်းကြောင်းအချို့ လက်မှတ်ခနှုန်းထားများ မြင့်တက်နေပြီး အဆိုပါ မြင့်တက်နေသည့်ဈေးနှုန်းအတိုင်း လက်မှတ်များ ဝယ်ယူနေရကြောင်း ခရီးသည်များထံမှ သိရသည်။

ရန်ကုန်-နေပြည်တော် ခရီးစဉ်မှာ မူလကျပ် ၆၃၀၀ ကို ယခုကျပ် ၇၀၀၀ ဖြစ်ပြီး ရန်ကုန်-မန္တလေးခရီးစဉ်မှာ မူလ ကျပ် ၁၀,၀၀၀ ကို ယခုကျပ် ၁၁,၆၀၀ ဖြစကြောင်း လက်မှတ်အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

“ဈေးဘာလို့ တက်နေတာလဲဆိုတော့ ဆီဈေးတွေ တက်နေလို့ပေါ့ဗျာ”ဟု လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

အစိုးရအနေနှင့် ယာဉ်လိုင်းလုပ်ငန်းရှင်များဆီကို ထောက်ပံ့ပေးခြင်း မရှိတော့သည်မှာ ဆယ်နှစ်ကျော်ရှိပြီးဖြစ်ပြီး လက်ရှိ ကိုယ်ပိုင်ဝယ်ယူနေရသည့်ဆီဈေးနှုန်းမှာ အလွန်မြင့်တက်နေသည့်အတွက် ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲနေကြောင်း အဝေးယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“ဘယ်လောက်ပဲ ဆီဈေးတက်တက် သဘာဝဘေးကြောင့် ကားလမ်းကြောင့် သွားရခက်ခဲနေလည်း ခရီးသည်တွေ အဆင်ပြေအောင် တစ်ရက်၊ တစ်ရက်ကို ၁၀ သိန်း၊ ၁၅ သိန်း အရှုံးခံပြေးပေးခဲ့တာပါ။ ယာဉ်လိုင်းလုပ်ငန်းရှင်တွေအားလုံး ရေရှည်ရပ်တည်လို့ရအောင် ဈေးနှုန်းအပြောင်းအလဲ လုပ်ပေးစေချင်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ လက်မှတ်ခမြင့်တက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA (အောင်မင်္ဂလာအဝေးပြေး) မှ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်ရာတွင် “ဒီနေ့က ရုံးပိတ်ရက်ကြီးဖြစ်နေတယ်။ တနင်္လာနေ့ ရုံးဖွင့်ရက်မှာ ရုံးကိုလာမေးပါ။ လက်ရှိ အခြေအနေနဲ့ ပတ်သက်တာကို ဖြေပေးပါမယ်”ဟု ၎င်းက ပြောကြားသည်။

ဆီဈေးတက်ခြင်းကြောင့် အဝေးပြေးကားများ ဆက်လက်ပြေးဆွဲနိုင်ရန်နှင့် ယာဉ်လိုင်းလုပ်ငန်းရှင်များက လက်မှတ်ခ ကျပ် ၅၀၀ သို့မဟုတ် သင့်တင့်သည့် နှုန်းတစ်ခုအထိ တိုးကောက်ခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ထံ တောင်းဆိုရန် စီစဉ်လျက်ရှိသည်။

YRTA ကို တင်ပြရာတွင် ယာဉ်လိုင်းလုပ်ငန်းရှင်များ၏ လက်မှတ်များဖြင့် တင်ပြမည်ဖြစ်ပြီး လက်ရှိဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း ရန်ကုန်-ပြည်ခရီးစဉ် ပြေးဆွဲနေသော ယာဉ်လိုင်းတစ်ခုမှ ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“လက်မှတ်ခက တချို့ယာဉ်လိုင်းကတော့ မတက်သေးပါဘူး။ကျွန်တော်တို့ လိုင်းလည်း မတက်ပါဘူး။ တက်နေတဲ့အပေါ် ပြောရရင်လည်း လက်ရှိဈေးနှုန်းနဲ့ ဘယ်လိုမှ ပြေးလို့မရလို့ တက်ကြတာ ဖြစ်ပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

အောင်မင်္ဂလာအဝေးပြေးဝင်း ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်တိုင်းအခြေပြု ယာဉ်လိုင်း ၁၁၆ လိုင်း ယာဉ်စီးရေ ၁၇၆၅ စီး၊ ပြည်နယ်တိုင်းအခြေပြု ယာဉ်လိုင်း ၁၃၁ လိုင်း၊ ယာဉ်စီးရေ ၁၉၂၂ စီး၊ ဒဂုံဧရာအဝေးပြေးဝင်း ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်တိုင်းအခြေပြုယာဉ်လိုင်း ၄၃ လိုင်း၊ ယာဉ်စီးရေ ၄၂၃ စီး၊ ပြည် နယ်နှင့် တိုင်းအခြေပြုယာဉ်လိုင်း ၇၀ လိုင်း ယာဉ်စီးရေ ၅၁၁ စီးဖြင့် နေ့စဉ်ခရီးသည် ပို့ဆောင်လျက်ရှိကြောင်း YRTA အဖွဲ့ထံမှ သိရသည်။

J-06


  • VIA