News

POST TYPE

LOCAL

သံဇစ်မြစ်ရေ ညစ်ညမ်းမှု ရေနမူနာဓာတ်ခွဲရလဒ်ကို အစိုးရအဖွဲ့ထံ တင်ပြနိုင်ရမည်ဟုဆို
12-Sep-2018
စစ်တွေ၊ စက်တင်ဘာ ၁၁

မဒေးကျွန်း ရေနံတင်ဆိပ်ကမ်းအနီးရှိ သံဇစ်မြစ်ရေ ညစ်ညမ်းခြင်း ရေနမူနာဓာတ်ခွဲစမ်းသပ်မှုရလဒ်အား အစိုးရထံသို့ တင်ပြနိုင်ရမည်ဟု ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။

“မိမိတို့ရဲ့ရလဒ်ကို တာဝန်ယူရမယ်။ နည်းပညာရလဒ်တွေနဲ့ အချက်အလက်ကို ရဲရဲဝံ့ဝံ့ အစိုးရဆီတင်ပြနိုင်ရမယ်၊ တကယ်လို့သာ ဖြစ်ခဲ့မယ်ဆိုရင် ရခိုင်အရေးသာမကဘူး တစ်နိုင်ငံလုံးရဲ့ အရေးဖြစ်တဲ့အတွက် သက်ဆိုင်ရာ အစိုးရကလည်း ဒီအတိုင်းအိပ်နေမှာ မဟုတ်ဘူး”ဟု ဦးအောင်ကျော်ဇံက ဆိုသည်။

ယင်းသို့ ရေညစ်ညမ်းနေသည်ကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ ရေနမူနာယူပြီး စမ်းသပ်စစ်ဆေးကြည့်ရာ ဆီငွေ့သန်းခြင်း၊ ဆီအနံ့ထွက်ခြင်း မရှိခြင်းကြောင့် ရေနံမဖြစ်နိုင်ကြောင်း၊ ပင်လယ်ရေအောက်အခြေတွင် တစ်ခုခုဖြစ်၍ ရေပြောင်းလဲခြင်းဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သံဇစ်မြစ်ရေမှာ ညစ်ညမ်းမှု အခြေအနေကို စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM Myanmar) ဓာတ်ခွဲခန်းတွင် စမ်းသပ်ခဲ့ရာ သတ်မှတ်စံနှုန်းထက် ခဲဓာတ် ၁၀ ဆ ၊ ဖီနောဓာတ် ၁၆ ဆ များနေ၍ လူနှင့်ရေသတ္တဝါများ အန္တရာယ်ရှိနိုင်သော စံနှုန်းထက်ကျော်နေကြောင်း ဩဂုတ်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့သည်။

ပြည်နယ် အစိုးရက ရေနမူနာ ဓာတ်ခွဲမှုရလဒ်ကို တင်ပြနိုင်ရမည်ဆိုသော်လည်း ALARM Myanmar မှ သဘာဝပတ်ဝန်းကျင်ရေးရာ တာဝန်ခံ ဦးအေးချမ်းမောင်ကမူ “ကျွန်တော်တို့အဖွဲ့အနေနဲ့ ဓာတ်ခွဲစမ်းသပ်ပေးတဲ့ အဆင့်ပါ၊ တွေ့ရှိချက်တွေကို ပြည်သူတွေသိအောင် ထုတ်ပြန်ပေးလိုက်တာပါ။ အစိုးရကို တိုက်ရိုက်တင်ပြဖို့မရှိပေမယ့် ပိုက်လိုင်းစောင့်ကြည့်လေ့လာလှုပ်ရှားရေးအဖွဲ့နဲ့ ဆွေးနွေးထားလို့ သူတို့ကပဲ တင်ပြမယ်”ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်း အနီးပတ်ဝန်းကျင် သံဇစ်မြစ်၌ စတင်ပြီး ရေမည်းညစ်ခြင်းများ ဖြစ်ပေါ်ရာမှ မြစ်ကြောင်းတစ်လျှောက် စီးဆင်းကာ အမ်းမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် မြေပုံမြို့နယ်အတွင်း ရေမည်းညစ်မှုတို့ဖြစ်ပေါ်လာသဖြင့် အမ်းမြို့နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစောင့်ကြည့်လေ့လာလှုပ်ရှားရေးအဖွဲ့က မြေပြင်သို့ ကွင်းဆင်းကာ အချက်အလက်များ ကောက်ယူခဲ့ကြသည်။

ထိုသို့ အချက်အလက်များ ကောက်ယူပြီး ရေနမူနာ ဓာတ်ခွဲစမ်းသပ်ခြင်း၏ ရလဒ်များအား စက်တင်ဘာလ ၃ နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တင်ပြခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်ဝန်ကြီးတို့နှင့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ဆုံကာ ထပ်မံ တင်ပြသွားမည်ဖြစ်ကြောင်း အမ်းမြို့နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်လေ့လာလှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်ထံမှ သိရသည်။

R-22


  • VIA