News

POST TYPE

LOCAL

YBS ၂၁ ယာဉ်လိုင်း ဘတ်စ်ကား ၅၀ ဖြည့်မည်
12-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၁

ဆူးလေမှ အနောက်ပိုင်းတက္ကသိုလ် ခရီးစဉ်ကို ပြေးဆွဲနေသည့် Power Eleven ကုမ္ပဏီလက်အောက်ရှိ YBS ၂၁ ယာဉ်လိုင်းတွင် ယာဉ်စီးရေ လျော့နည်းသွားသဖြင့် ကျပ်သိန်း ၃၀၀ ခန့်ရှိ စီးတီးဘတ်စ်ယာဉ် ၅၀ စီး ဖြည့်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းက ပြောကြားသည်။

“အရင်က ကျွန်တော်တို့ကုမ္ပဏီအောက်မှာ ယာဉ် ၈၀ ကျော်နဲ့ နေ့စဉ်ပြေးနေတာ။ ဒီလ ယာဉ် ၃၅ စီးက ကုမ္ပဏီပြောင်းသွားတဲ့အတွက် ယာဉ်တွေ လျော့သွားတယ်။ ဒါကြောင့် ယာဉ်တွေ ပြန်ဖြည့်ဖို့ လုပ်တာပါ”ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၁ ရက်က Power Eleven ကုမ္ပဏီလက်အောက်ရှိ ယာဉ် ၈၃ စီးအနက် ၃၅ စီးသည် ယာဉ်လိုင်း နံပါတ်တူ၊ ခရီးစဉ်လမ်းကြောင်းတူဖြစ်သည့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီအောက်ကို ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

“ယာဉ်တွေပဲ ပြောင်းသွားပေမယ့် ယာဉ်မောင်းတွေက တစ်ဦးမှ ဟိုဘက်ကုမ္ပဏီဘက်ကို လိုက်မသွားပါဘူး။ လစ်လပ်သွားတဲ့ ယာဉ်မောင်းတွေအတွက် အခုယာဉ်တွေကို ဝယ်နေပါပြီ”ဟု ဦးသက်တင်ဝင်းက ဆိုသည်။

ယာဉ်များ ကုမ္ပဏီပြောင်းရွှေ့သွားခြင်းကြောင့် ယာဉ်မောင်း ၄၀ ဦးသည် အချိန်ပြည့် အလုပ်လုပ်ကိုင်နိုင်ရန် လိုအပ်နေသဖြင့် လက်ရှိတွင် ကျန်သည့်ယာဉ် စီးရေ ၄၈ စီးကို တစ်ပတ် လေးရက်နှုန်းဖြင့် အဆိုပါ ယာဉ်မောင်း ၄၀ မှာ ခွဲတမ်းကျဖြင့် မောင်းနှင်လျက်ရှိကြောင်း ကုမ္ပဏီပြောင်းတွင် လိုက်ပါမသွားသည့် ယာဉ်မောင်း ကိုအောင်လင်းက ပြောကြားသည်။

“အချိန်ပြည့်မောင်းရတဲ့ ယာဉ်မောင်းတွေက မောင်းရက် လျှော့ပေးတယ်။ အဲဒီတော့ ကျွန်တော်တို့က နေ့စား ဝင်မောင်းကြတာပေါ့”ဟု ၎င်းက ဆိုသည်။

ယာဉ်ပိုင်ရှင်အချို့သည် ယာဉ်များကို အခြားကုမ္ပဏီသို့ ပြောင်းရွှေ့လိုက်သော်လည်း ယာဉ်မောင်းများ လိုက်ပါမောင်းနှင်ခြင်းမရှိဘဲ Power Eleven ကုမ္ပဏီတွင် ကျန်ရှိနေခြင်းမှာ လစာဝင်ငွေ ရရှိမှုတူနိုင်သော်လည်း ခရီးသည်များကို စေတနာထားရှိခြင်း၊ လုပ်ငန်းရည်ရွယ်ချက် ကောင်းမွန်ခြင်းတို့ကြောင့်ဖြစ်ကြောင်း အဆိုပါ ယာဉ်မောင်းများထံမှ သိရသည်။

ဇူလိုင်လက ယာဉ်ပိုင်ရှင် ၁၇ ဦးသည် ယာဉ်စီးရေ ၃၅ စီးကို ကုမ္ပဏီပြောင်းရွှေ့ပြေးဆွဲရေး YRTA ကို တင်ပြခဲ့ပြီး စီမံခန့်ခွဲမှု လွဲမှားနေခြင်းကြောင့် ကုမ္ပဏီပြောင်း ရွှေ့ခြင်းဖြစ်ကြောင်း ပြောင်းရွှေ့ခဲ့သည့် ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

YBS ၂၁ ယာဉ်လိုင်းမှာ ဆူးလေ၊ အင်းစိန်၊ တညင်းကုန်း၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ခရီးစဉ်ကို Power Eleven ကုမ္ပဏီက ယာဉ် ၄၈ စီး၊ ခေတ်သစ် ဘုရင့်နောင်ကုမ္ပဏီက ယာဉ် ၁၅၀ စီးခန့်ဖြင့် ပြေးဆွဲလျက်ရှိကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။

လက်ရှိ Power Eleven ကုမ္ပဏီလက်အောက်တွင် YBS ၂၁၊ ၂၂၊ ၄၁ ယာဉ်လိုင်းတို့ ပြေးဆွဲပြီး ယာဉ် ၄၀၀ စီးခန့်ဖြင့် နေ့စဉ် ခရီးသည်သယ်ယူပို့ဆောင်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-06


  • VIA