News

POST TYPE

LOCAL

ငွေလုယက်ပြီး အမျိုးသမီးကို မြစ်ထဲပစ်ချခဲ့သည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီး
10-Sep-2018
ဟင်္သာတ၊ စက်တင်ဘာ ၉

မြောင်းမြမြို့နယ်မှ မြန်အောင်မြို့နယ်သို့ စပါးခွံများတင်ဆောင်လာသည့် သင်္ဘောတစ်စင်းပေါ်တွင် အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး မြစ်ထဲသို့ပစ်ချကာ ငွေကျပ် ၁၅ သိန်းလုယက်ယူဆောင်သွားခဲ့သည့် သင်္ဘောအလုပ်သမားနှစ်ဦးကို ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း ဟင်္သာမြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါအမျိုးသမီးမှာ စက်တင်ဘာလ ၉ ရက်နေ့အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ပြီးခဲ့သည့်ဩဂုတ်လ ၂၉ ရက်နေ့က သင်္ဘောကို အသက် ၂၈ နှစ်အရွယ် ဦးလင်းထိုက်မောင်နှင့် ဖခင်ဖြစ်သူတို့က တစ်လှည့်စီ မောင်းနှင်ကာမြန်အောင် မြို့သို့ စတင်ထွက်ခွာခဲ့ကြောင်း စက်တင်ဘာလ ၁ ရက်နေ့တွင် ဟင်္သာတမြို့နယ် အောက်ရွာလေး ကျေးရွာအနီး၌ ညအိပ်ရပ်နားရန် ပြင်ဆင်ပြီး သင်္ဘောအပေါ် ထပ်မှဆင်းလာသည့် ဦးလင်းထိုက်မောင်က အောက်ထပ်တွင် ကွပ်ပျစ်ဖြင့် အိပ်နေသည့် အသက် ၅၄ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်ရီရီဌေးနှင့် အလုပ်သမားနှစ်ဦး ပျောက်ဆုံးနေသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း မြို့မရဲစခန်းမှတ်တမ်းများအရ သိရသည်။ 

ယင်းနောက်သင်္ဘောဘေးတွင် ချိတ်ဆွဲလာသည့် စက်လှေအသေးတစ်စင်းနှင့်အတူ ပျောက်ဆုံးနေသည့် မိခင်ဖြစ်သူဒေါ်ရီရီဌေးအပါအဝင် အလုပ်သမားဖြစ်သည့် သီဟနှင့်ကျော်သက်တို့ကို မြစ်ကြောင်းအတိုင်းရှာဖွေခဲ့ကြောင်း၊ ဆက်လက်၍ မိခင်ဖြစ်သူအိပ်နေသည့် ကွပ်ပျစ်အနီးရှိ သေတ္တာကိုစစ်ဆေးရာ ငွေကျပ် ၁၅ သိန်းပါ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဟင်္သာတမြို့မရဲတပ်ဖွဲ့စခန်းထံ အကူအညီတောင်းခံခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုတိယရဲမှူးခင်မောင်ထွန်းက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့တွင် သင်္ဘောအလုပ်သမား ကျော်သက်နှင့်သီဟတို့ကို တွေ့ရှိခဲ့ပြီး စစ်မေးခဲ့ရာ ငွေကျပ် ၁၅ သိန်း လုယက်၍ ဒေါ်ရီရီဌေးကို သံတုတ်ဖြင့်ရိုက်နှက်ကာ မြစ်အတွင်းပစ်ချခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ဒုရဲမှူးခင်မောင်ထွန်းက ပြောဆိုသည်။ 

ယင်းအမှုနှင့် ပတ်သက်၍ ဟင်္သာတ မြို့မစခန်းက (ပ) အမှတ် ၇၉၁/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၇ လူသတ်ရန် ကြံစည်မှု/ပုဒ်မ ၃၉၄ လုယက်မှုများဖြင့် စက်တင်ဘာလ ၇ ရက်နေ့က အမှုဖွင့်စစ်ဆေးကြောင်း ဒုတိယရဲမှူးခင်မောင်ထွန်းက ထပ်လောင်းပြောကြားသည်။ 

R-13


  • VIA