News

POST TYPE

LOCAL

BPI ဆေးဝါးများကို နိုင်ငံတကာထုပ်ပိုးမှုပုံစံ ပြောင်းမည်
10-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၉

စက်မှုဝန်ကြီးဌာန (မြန်မာ့ဆေးဝါးလုပ်ငန်း) BPI က ထုတ်လုပ်သည့်ဆေးဝါးများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ နိုင်ငံတကာထုပ်ပိုးမှုပုံစံအတိုင်း ထုတ်လုပ်မည်ဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောကြားသည်။ 

“BPI ဆေးဝါးတွေဟာ အရည်အသွေးအားဖြင့် ကောင်းမွန်သော်လည်း ထုပ်ပိုးမှုပုံစံတွေမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ လာမယ့် ၂၀၁၉ ဇန်နဝါရီလကနေစပြီး ဆေးဝါးအားလုံးသည် နိုင်ငံတကာရဲ့ ထုပ်ပိုးမှုပုံစံအတိုင်းပဲ သွားမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

BPI အနေနှင့် လက်ရှိအချိန်တွင် ဆေးဝါးအမျိုးအစားပေါင်း ၂၀၃ မျိုးကို ထုတ်လုပ်၍ တစ်နိုင်ငံလုံးကို ဖြန့်ချိလျက်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဆေးဝါးထုတ်လုပ်မှုတန်ဖိုး စုစုပေါင်းမှာ မြန်မာကျပ်ငွေ ၅၀ ဘီလီယံခန့်ရှိကြောင်း BPI နှင့် Treasure Pharma ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ အင်ရောင်းဆေးဝါး စက်ရုံတွင် ထုတ်လုပ်သည့် အနာကျက်ဆေးဖြစ်သည့် Povidine Antiseptic Solution ဆေးအသစ် မိတ်ဆက်ပွဲတွင် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောကြားခြင်းဖြစ်သည်။

အဆိုပါအနာကျက်ဆေး (Povidine Antiseptic Solution) 15ml နှင့် 500ml နှစ်မျိုးထုတ်လုပ်ပြီး FDA မှတ်ပုံတင် ရရှိပြီးဖြစ်ကြောင်း၊ ယင်းအနာကျက်ဆေးသည် ထိခိုက်ရှနာများ၊ ပြတ်ရှဒဏ်ရာများ၊ အရေပြားပေါ်တွင်ဖြစ်သည့် ယားနာများ၊ ခွဲစိတ်ခါနီးနှင့် ခွဲစိတ်ပြီးသည့်အခါ သန့်စင်သည့်နေရာများ၌ အသုံးပြုရန်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်ရောင်း) မှ စက်ရုံမှူး ဦးမျိုးနန္ဒက ပြောကြားသည်။

“အိမ်သုံး 15ml ကို ဘူးတစ်သန်းနဲ့ 500ml ကိုတော့ တစ်သိန်းထုတ်လုပ်ဖို့ ဒီနှစ်အတွက်လျာထားပါတယ်။ ကျွန်တော်တို့ဆေးရုံကနေ တခြားထုတ်လုပ်မှာတွေ ရှိပါသေးတယ်”ဟု ၎င်းက ရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင့် ၇ မိုင်ခန့်ဝေးသည့် အင်ရောင်းကျေးရွာအနီးရှိ ဆေးဝါးစက်ရုံ (အင်ရောင်း) မှ ဆေးဝါးအမျိုးအစား ၄၀ ကို ထုတ်လုပ်ရောင်းချလျက်ရှိပြီး ယင်းစက်ရုံမှ တစ်ခါသုံးဆေးထိုးအပ်၊ သွေးကြောသွင်းဆေးရည်များနှင့် အခြားဆေးဝါးများကို ထုတ်လုပ်ပေးလျက်ရှိကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။

J-12


  • VIA