News

POST TYPE

LOCAL

မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုသစ်များ ချမှတ်ရန် အီးယူ စဉ်းစား
09-Sep-2018

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၉

ဘင်္ဂါလီများအပေါ် လူမျိုးတုံးရှင်းလင်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ စစ်ဘက်ထိပ်တန်း တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုသည့် ကုလသမဂ္ဂ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီး နောက် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံအများအပြားက မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများတိုးချဲ့ရန် စဉ်းစားနေကြောင်း Politico သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။ အဓိကအားဖြင့် မြန်မာ့တပ်မတော်နှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား အရေးယူရန်ဖြစ်သည်ဟုဆိုသည်။

ဥရောပသမဂ္ဂသည် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ထိပ်တန်းခေါင်းဆောင် ခုနစ်ဦးကို ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်း အပါအဝင် အရေးယူမှုများ ချမှတ်ထားပြီးဖြစ်သည်။

သို့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု သက်သေအထောက်အထားများ ထွက်ပေါ်လာခြင်း၊ ဘင်္ဂါလီရွာသားများ အသတ်ခံရခြင်းကို စုံစမ်းစစ်ဆေးခဲ့သော ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံရခြင်းတို့ကြောင့် ထပ်တိုး အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်တောင်းဆိုမှုများ ရှိလာခဲ့ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူများက Politico ဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

မြန်မာစစ်ဘက်နှင့် အဆက်အစပ်ရှိ စီးပွားရေးလုပ်ငန်းများအပေါ် ပြင်းထန်သည့် အရေးယူမှုများချမှတ်ရေး ဥရောပသမဂ္ဂဝင်နိုင်ငံများနှင့် ဥရောပကော်မရှင်ကိုတိုက်တွန်းရန် ဘင်္ဂါလီအချို့သည် လာမည့်တနင်္လာနေ့တွင် သမဂ္ဂရုံးချုပ်ရှိရာ ဘရပ်ဆဲလ်သို့ သွားရောက်တင်ပြကြမည်ဟု သိရသည်။

နည်းလမ်းတစ်ခုမှာ မြန်မာစစ်တပ်လက်အောက်တွင်ရှိသော ကျောက်မျက်၊ ကြေးနီ၊ ရွှေ၊ အဝတ်အထည်၊ ဘိလပ်မြေ၊ Mytel ဆက်သွယ်ရေးလုပ်ငန်းစသည့် လုပ်ငန်းကြီးများကို ထိန်းချုပ်ထားသော မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့အောက်ရှိ လုပ်ငန်းများကို အရေးယူပိတ်ဆို့ရန်ဖြစ်သည်။

ဗြိတိန်၊ ဂျာမနီနှင့် နယ်သာလန်တို့ကမူ စီးပွားရေးအပေါ် ထိခိုက်မည်ဆိုးသောကြောင့် မြန်မာနိုင်ငံအပေါ် ယင်းသို့သော အရေးယူမှုမျိုး လုပ်ရန်ဆန္ဒမရှိ ဖြစ်နေကြသည်ဟု EU တာဝန်ရှိသူနှစ်ဦးက ပြောကြားသည်။

“ဒီအဆင့်မှာတော့ ဘဏ္ဍာရေး ဒါမှမဟုတ် ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ အရေးယူပိတ်ဆို့မှုမျိုးကို ကျွန်တော်တို့ မထောက်ခံပါဘူး၊ ဒါဟာ ဘဏ္ဍာရေးစနစ်ကို ထိခိုက်လာနိုင်ပြီး နိုင်ငံတစ်ဝန်း စီးပွားရေးတိုးတက်မှုကိုပါ ထိခိုက်လာနိုင်ပါတယ်”ဟု သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

အခြားရွေးချယ်စရာနည်းလမ်းမှာ စစ်ဘက်ထိပ်တန်းခေါင်းဆောင်များဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စသည့် ခေါင်းဆောင်များ၏ ပြည်ပရှိပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းနှင့် ခရီးသွားခွင့် ပိတ်ပင်ခြင်းတို့ကို သီးသန့်ဖြစ်စေ၊ စီးပွားရေး အရေးယူ ပိတ်ဆို့မှုအချို့နှင့်ဖြစ်စေ ပူးတွဲ၍ လုပ်ဆောင်ခြင်းဖြစ်သည်။

“ဥရောပသမဂ္ဂဟာ ရခိုင်ပြည်နယ်မှာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေနဲ့ ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် ခုနစ်ဦးကို အရေးယူမှုတွေလုပ်ပြီးဖြစ်ပါတယ်။ အခြေအနေကို ဆက်စောင့်ကြည့်သွားမှာဖြစ်ပြီး ပုံမှန်သုံးသပ်ပြီး ဆုံးဖြတ်သွားမှာပါ။ EU အရေးယူမှုနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခုခုအတွက် ဆိုရင်တော့ ကောင်စီမှာ EU အဖွဲ့ဝင် အားလုံးရဲ့ သဘောတူညီချက်နဲ့ပဲ လုပ်ဆောင်ရမှာဖြစ်ပါတယ်”ဟု ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

လက်ရှိ အရေးယူမှုများကို မွမ်းမံပြင်ဆင်ရန် အချို့နိုင်ငံများက စဉ်းစားလာကြပြီဖြစ်သည်။ ပြီးခဲ့သည့် အပတ်တွင်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရမီဟန့်က မြန်မာစစ်ဘက်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံး (ICC) တွင် ရုံးတင်နိုင်ရန် ကုလသမဂ္ဂတွင် အခြားနိုင်ငံများကို နှိုးဆော်သွားမည်ဟု လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကလည်း ယခုအပတ်အတွင်း ရိုက်တာသတင်းထောက်များ ထောင်ကျခဲ့ပြီးနောက် “ကျွန်ုပ်တို့ မိတ်ဖက်များနှင့် ရှေ့ဆက်လုပ်ဆောင်ရေး ဆန်းစစ်နေသည်”ဟု ထုတ်ပြန်ထားသည်။

လာမည့်အပတ်အတွင်း ဂျနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ရပ် အဆိုပြုနိုင်ရန် ဥရောပသမဂ္ဂက မျှော်လင့်ထားသည်။

F-03