News

POST TYPE

LOCAL

ညောင်လေးပင်-ပဲခူး ရထားလမ်း အဆင့်မြှင့်ရန် ဂျပန်ကုမ္ပဏီနှင့် လက်မှတ်ထိုး
ရန်ကုန်၊ စက်တင်ဘာ ၉

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် ပါဝင်သည့် ညောင်လေးပင်-ပဲခူးလမ်းပိုင်းကို အောက်တိုဘာလတွင် လုပ်ငန်းစတင်ရန် ဂျပန်ကုမ္ပဏီဖြစ်သည့် TEKKEN-RN JV ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ကြောင်း မြန်မာ့မီးရထား၊ စီမံကိန်းပရောဂျက် ဒါရိုက်တာ ဦးဘမြင့်က ပြောကြားသည်။

စက်တင်ဘာလ ၆ ရက်က နေပြည်တော်ဘူတာကြီးတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံကိန်းတွင် ညောင်လေးပင်-ပဲခူးလမ်းပိုင်းကို ကနဦး ဆောင်ရွက်ရန် မြန်မာ့မီးရထားနှင့် ဂျပန်ကုမ္ပဏီတို့ သဘောတူလက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။

“ရထားလမ်းပိုင်းအလိုက် လုပ်ငန်း စတင်မှာဖြစ်တယ်။ ဒီလမ်းပိုင်းကို လက်မှတ်ရေးထိုးပြီး ၂၈ ရက်အတွင်း လုပ်ငန်းစရမှာဖြစ်တယ်။ စက်တင်ဘာမှာ လက်မှတ်ထိုးတယ်။ လုပ်ငန်းစဖို့က အောက်တိုဘာလထဲ ဝင်သွားတာပေါ့”ဟု ဦးဘမြင့်ကဆိုသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းတွင် လမ်းအပိုင်းလိုက် ဆောင်ရွက်မည်ဖြစ်ရာ ညောင်လေးပင်-ပဲခူး၊ ညောင်လေးပင်-တောင်ငူ၊ ရန်ကုန်-တောင်ငူလမ်းပိုင်းသုံးခု သတ်မှတ်ထားပြီး ကနဦး ကန်ထရိုက်ချုပ်ဆိုလိုက်သည့် TEKKEN-RN JV ကုမ္ပဏီက ညောင်လေးပင်-ပဲခူးလမ်းပိုင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဂျပန်ကုမ္ပဏီကို လမ်းပိုင်းတစ်ခု လုပ်ငန်းအပ်လိုက်တာဖြစ်တယ်။ အဆင့်မြှင့်တင်တဲ့လုပ်ငန်းထဲမှာ လမ်းပိုင်းပြုပြင်တာ၊ တံတားတွေ ပြုပြင်တာပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါလမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ချေးငွေ အမေရိကန် ဒေါ်လာ၂၇၁ ဒသမ ၆၄ ဘီလီယံသုံးစွဲမည် ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စီမံကိန်းကာလအဖြစ် သတ်မှတ်ထားကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

JICA ချေးငွေမှာ အတိုးနှုန်းနည်း နှစ်ရှည်ချေးငွေ ODA ချေးငွေဖြစ်ပြီး အတိုးပေးရန် ဆိုင်းငံ့ ၁၀ နှစ် သတ်မှတ်ပေးကာ နှစ် ၄၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၏ အရှည်မှာ ၃၈၅ ဒသမ ၅ မိုင်ရှိပြီး အမြန်ရထားခြောက်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-နေပြည်တော် အစုန်၊ အဆန် လေးစင်းတို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား၊ (တိုင်း-၇) သွားလာပို့ဆောင်ရေးဌာနထံမှ သိရသည်။

J-06