News

POST TYPE

LOCAL

အုတ်တွင်းဘူတာ၌ အမြန်ရထားရပ်ပေးရန် အစိုးရထံတင်ပြ
09-Sep-2018
တောင်ငူ၊ စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်ရှိ အုတ်တွင်းဘူတာရုံတွင် ကုန်ရထားအများစုသာ ရပ်တန့်ပေးပြီး အမြန်ရထားမရပ်သဖြင့် ဒေသခံများ အခက်အခဲကြုံနေရသည့်အတွက် အမြန်ရထားရပ်တန့်ပေးရန် ယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ စာတင်ထားကြောင်း ယင်းအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အုတ်တွင်းမြို့ အရပ်ဘက်အဖွဲ့အစည်းများက အုတ်တွင်းဘူတာရုံတွင် အမြန်ရထားတစ်စင်းရပ်တန့်ပေးရန် ဆန္ဒသဘောထား လက်မှတ်များကောက်ခံရန် တင်ပြလာသည့်အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် အမှုတွဲတည်ဆောက်ပြီး ဆောင်ရွက်ပေးပါရန်ဟုဆိုပြီး အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စက်တင်ဘာလ ၅ ရက်နေ့က စာတင်ပြခဲ့ကြောင်း ယင်းရုံးထံမှသိရသည်။

“မီးရထားဘူတာရုံရှိပြီး အမြန်ရထားမရပ်တော့ ဒေသခံတွေ ရန်ကုန်နဲ့မန္တလေးသွားဖို့ဆို တောင်ငူကတစ်ဆင့် သွားနေရတယ်”ဟု အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေး ကူညီမှုအသင်း နာယကဆရာတော် အရှင်တေဇက မိန့်ကြားသည်။

အုတ်တွင်းမြို့ အနေအထားအရ အမြန်ရထားရပ်တန့်ပေးရန် အစီအစဉ်မရှိသေးကြောင်း မြန်မာ့မီးရထား တိုင်း-၇ မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်တွင် တည်ရှိနေသည့် အုတ်တွင်းမြို့နယ်သည် တောင်ငူခရိုင်အတွင်း အချက်အချာကျသည့် မြို့ငယ်တစ်ခုဖြစ်ပြီး ရန်ကုန်-မန္တလေး ကားလမ်း၊ အမြန်လမ်းနှင့် အုတ်တွင်း-ပေါက်ခေါင်းလမ်းပေါ်တွင် တည်ရှိကာ ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် ပေါင်း ၅၁ ခုတွင် လူဦးရေ နှစ်သိန်းကျော် နေထိုင်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

R-15


  • VIA