News

POST TYPE

LOCAL

ဘုရင့်နောင် ပွဲရုံဝင်းတွင် အမျိုးသားနှစ်ဦး ဓားထိုးခံရ
09-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၈

မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ပွဲရုံဝင်းတွင် စက်တင်ဘာလ ၇ ရက် ည ၇ နာရီခွဲက ထမင်းဆိုင်တစ်ဆိုင်တွင် ထမင်းစားနေသည့် အမျိုးသားနှစ်ဦးမှာ ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားဖြင့်ထိုးခံရသည့် အသက် ၁၉ နှစ်နှင့် ၂၀ နှစ် အမျိုးသားနှစ်ဦးမှာ အဆိုပါ ပွဲရုံဝင်းမှ ကုန်ထမ်းအလုပ်သမားများဖြစ်ပြီး ယင်းညက ကံ့ကော် ၅ လမ်း ထိပ်ရှိ ထမင်းဆိုင်တွင် ထမင်းစားနေချိန် အသက် ၂၅ နှစ်ရှိ ပွကြီးဆိုသူက ဓားဖြင့် ၎င်းတို့နှစ်ဦးကို ထိုး၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ရဲအရာရှိက ပြောကြားသည်။

“ပွကြီးနဲ့အတူ ပါလာတဲ့ အမျိုးသမီးကို ဓားနဲ့ထိုးခံရတဲ့နှစ်ယောက်က အရက်မူးမူးနဲ့သွားပြီး နောက်ပြောင် ပြောဆိုခဲ့တာကြောင့် ဓားနဲ့ထိုးခံရတာ။ ဒဏ်ရာရသူ နှစ်ယောက်ရဲ့ အခြေအနေက မစိုးရိမ်ရတော့ပါဘူး” ဟု ရဲအရာရှိက ပြောသည်။

ဓားဖြင့် ထိုးခံရသည့် အမျိုးသားနှစ်ဦးကို အင်းစိန်ဆေးရုံသို့ တင်ပို့ထားပြီး အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ပွကြီးကို ဘုရင့်နောင်နယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03