News

POST TYPE

LOCAL

တိုက်ကြီးတွင် တောဆင်ရိုင်းအုပ်ကြောင့် ကြံငါးဧကခန့်ပျက်စီး
09-Sep-2018


တိုက်ကြီး၊ စက်တင်ဘာ ၈ 

တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာ အုပ်စု ကွမ်းသီးမြောင်ကျေးရွာအနောက်ဘက်ရှိ သပြုသစ်တောကြိုးဝိုင်းတွင် စိုက်ပျိုးထားသောကြံခင်းများကို တောဆင်ရိုင်း လေးကောင်က စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန်တွင် ဝင်ရောက်ဖျက်ဆီးခဲ့သောကြောင့် ကြံငါးဧကခန့် ပျက်စီးသွားကြောင်း ဒေသခံကြံစိုက် တောင်သူများက ပြောကြားသည်။

ကြံခင်းများသည် သက်တမ်းလေးလခန့်ရှိပြီဖြစ်၍ ကျပ် ၅၅ သိန်းဖိုးခန့်ဆုံးရှုံးသွားကြောင်း တစ်ဧကခန့်ဆုံးရှုံးခဲ့ရသည့် ကြံစိုက်တောင်သူ ဦးအောင်ကိုဝင်းက ပြောကြားသည်။ 

အဆိုပါ တောဆင်ရိုင်းများဖျက်ဆီးခဲ့သည့် ကြံငါးဧကခန့်သည် တောင်သူသုံးဦး ပိုင်ဆိုင်သော ကြံခင်းများဖြစ်ကြောင်း အဆိုနေရာသို့သွားရောက်စစ်ဆေးခဲ့သော မြောက်ပိုင်းခရိုင်သစ်တောရဲတပ်ဖွဲ့မှ ရဲအုပ်ထွန်းထွန်းဝင်းအေးက ပြောဆိုသည်။ 

“တောဆင်ရိုင်းတွေက မထွက်သေးဘူး။ စိုက်ခင်းတွေထဲမှာပဲ ရှိသေးတယ်။ သူတို့ကို ခြောက်လှန့်မောင်းထုတ်ဖို့ မြိုင်ဟေဝန်ဆင်စခန်းက သစ်ထုတ်လုပ်ရေးဆင်တွေ သွားခေါ်နေပြီ”ဟု ၎င်းက စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က ပြောကြားသည်။ 

ယခင်နှစ်များက မိုးကာလတွင် တောဆင်ရိုင်းများ ဝင်ရောက်လေ့မရှိကြောင်း၊ ယခုဝင်လာသည့် တောဆင်ရိုင်း လေးကောင်သည် မိုးကာလတွင် ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ကြောင်း ကြံသုံးဧကခန့်ဆုံးရှုံးခဲ့သည့် တောင်သူဦးလှစိုးက ပြောကြားသည်။

တောဆင်ရိုင်းလေးကောင် ဖျက်ဆီးခဲ့သည့် ကြံခင်းများမှာ ဦးလှစိုးပိုင်သည့် ဧက ၆၀ အနက်မှ သုံးဧကခန့်၊ တောင်သူ ဦးစိန်လှိုင်ပိုင်ဆိုင်သည့် သုံးဧကအနက်မှ တစ်ဧကကျော်၊ တောင်သူဦးအောင်ကို ဝင်းပိုင်သည့် ငါးဧကအနက် တစ်ဧကကျော် ဖျက်ဆီးခံရကြောင်း ဖလုံဘူတာကျေးရွာ အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 

R-19



  • VIA