News

POST TYPE

LOCAL

ရန်ကုန်မြို့ အမွေအနှစ် လမ်းလျှောက်ခရီးစဉ် လူဦးရေ ၂၅၀ ကျော်ဖြင့် စမ်းသပ်
09-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၈

ရွှေတိဂုံစေတီတော်အပါအဝင် ရှေးဟောင်းစေတီလေးဆူကို ဆက်သွယ်ထားသည့် အမွေအနှစ် လမ်းလျှောက်ခရီးစဉ်ကို ရန်ကုန်တိုင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး နော်ပန်းသဉ္ဇာမျိုး ဦးဆောင်၍ လူ ၂၅၀ ကျော်ဖြင့် စမ်းသပ်လမ်းလျှောက်ခဲ့ကြသည်။

“လမ်းကြောင်းတစ်လျှောက်မှာ စိတ်ဝင်စရာကောင်းတဲ့ ရန်ကုန်မြို့ပြ သမိုင်းအမွေအနှစ်နေရာတွေကို တွေ့မြင်နိုင်မှာ ဖြစ်တဲ့အတွက် ရန်ကုန်လမ်းလျှောက်ခရီးစဉ်ဟာ နောင်များမှာ လူကြိုက်အများဆုံး ခရီးစဉ်ဖြစ်ဖို့ ဒီနေ့ စကြိုးစားတာဖြစ်တယ်”ဟု ဝန်ကြီးက ဆိုသည်။

အဆိုပါခရီးစဉ်ကို ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းနှင့် ခရီးသွားကုမ္ပဏီများ ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။

“အခုလမ်းလျှောက်ခရီးစဉ်က အမွေအနှစ်တွေကို အထူးပြုလေ့လာနိုင်တဲ့ ခရီးစဉ်အသစ်တစ်ခုပါ။ ဒီဟာ အောင်မြင်ရင် တိုးရစ်တွေအတွက် လည်ပတ်စရာ တစ်ခုဖြစ်မယ်”ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးသန်းနိုင်က ဆိုသည်။

လမ်းလျှောက်ခရီးစဉ်ကို ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှ အလံပြဘုရား၊ ဆူးလေနှင့် ဗိုလ်တထောင်ဘုရားတို့အထိ ချိတ်ဆက်ထားခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ဗိုလ်ရာညွှန့်လမ်းတစ်ဝိုက်နှင့် ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဘဏ်လမ်း၊ ရွှေဘုံသာလမ်း၊ မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတမ်းလမ်း၊ ကမ်းနားလမ်းတစ်လျှောက်ရှိ မြန်မာအမွေအနှစ်အဆောက်အအုံများ၊ ကိုလိုနီအဆောက်အအုံများကို လေ့လာခွင့်ရမည့် ခရီးစဉ်ဖြစ်သည်။

“ဒီခရီးစဉ်မှာ လမ်းလျှောက်စရာတွေ ပိုလာအောင်၊ လူသွားစြင်္ကံတွေ ပိုကောင်းအောင်၊ သန့်ရှင်းအောင်၊ လုံခြုံအောင် တိုးမြှင့်လုပ်ဆောင်နိုင်ရင် ရေရှည်မှာ အောင်မြင်နိုင်မယ်။ ဒီကတစ်ဆင့် တိုးရစ်တွေအနေနဲ့ ရန်ကုန်ကို ပိုစိတ်ဝင်စားနိုင်မယ်” ဟု YHT ၏ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ဆိုသည်။

အမွေအနှစ်လမ်းလျှောက်ခရီးစဉ် ပေါ်ပေါက်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ အဆိုပြုလွှာတင်ထားခြင်းဖြစ်ပြီး ခရီးစဉ်တစ်လျှောက်ရှိ အမွေအနှစ်များကို မှတ်တမ်းတင်ခြင်း၊ အချက်အလက်စုဆောင်းခြင်းများကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ဆောင်ရွက်နေလျက်ရှိသည်။

ယင်းခရီးစဉ်ကို သတ်မှတ်ဖော်ဆောင်ရန် တိုင်းအစိုးရအဖွဲ့နှင့်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ အကြံပြုခြင်းများအပြင် မိတ်ဖွဲ့အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

J-14


  • VIA