News

POST TYPE

LOCAL

နိုင်ငံတကာရာဇဝတ်ခုံရုံးဆုံးဖြတ်ချက်ကို လိုက်နာဖို့ မြန်မာမှာ တာဝန်မရှိဟု အစိုးရတုံ့ပြန်
08-Sep-2018
ပုံစာ - ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသော မြန်မာအစိုးရတုံ့ပြန်ချက်
နေပြည်တော်၊ စက်တင်ဘာ ၈

ရခိုင်မြောက်ပိုင်း မွတ်ဆလင်အသိုင်းအဝိုင်းကို မျိုးဖြုတ် တိုက်ခိုက်ခဲ့သည်ဆိုသောစွပ်စွဲချက်ဖြင့် စုံစမ်းအရေးယူရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံးဆုံးဖြတ်ချက်ကို လက်မခံကြောင်းနှင့် ထိုဆုံးဖြတ်ချက်ကိုလိုက်နာရန် မြန်မာတွင်တာဝန်မရှိကြောင်း မြန်မာအစိုးရက ယနေ့ (စက်တင်ဘာ ၈ ရက်)တွင် တုံ့ပြန်လိုက်သည်။

ရာဇဝတ်ခုံရုံး ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ “အားနည်းချက်များရှိနေသော ဥပဒေလုပ်ငန်းစဉ်နှင့် မသေချာမရေရာသော ဥပဒေရေးရာ ရပ်တည်ချက်တို့၏ ရလဒ်”ဖြစ်ကြောင်း မြန်မာအစိုးရက ပြန်လည် ချေပထားသည်ကိုလည်း ထိုထုတ်ပြန်ချက်တွင် တွေ့ရသည်။

ရိုဟင်ဂျာ (ရာဇဝတ်ခုံရုံးအသုံး) များကို လူမျိုးဖြုတ်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ မောင်းထုတ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ မိမိတို့တွင် စုံစမ်းဖော်ထုတ်ကာ တရားစီရင်ပိုင်ခွင့်ရှိကြောင်း နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ကနဦး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော် ICC ၏ မောင်းထုတ်သည်ဟူသော အသုံးအနူန်းကို မြန်မာအစိုးရက ပြန်လည်ချေပပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီး၊ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ သံအမတ်ကြီး ၄ ဦးနှင့်အတူ ရခိုင်သို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလက သွားရောက်ပြီး ထွက်ပြေးကြမည့်သူများကို ထွက်မပြေးကြရန် ဖျောင်းဖျသော်လည်း မအောင်မြင်ခဲ့ကြောင်း တုံ့ပြန်ချက်တွင် ပါရှိသည်။

ဘင်္ဂါလီမွတ်ဆလင် ဒုက္ခသည်များနှင့်ပတ်သက်၍ ကုလသမဂ္ဂက မြန်မာတပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များကို လူမျိုးဖြုတ်ရှင်းလင်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုတို့ဖြင့် စုံစမ်းဖော်ထုတ် အရေးယူသင့်သည်ဟူသော အစီရင်ခံစာတစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်ခန့်အကြာတွင် ICC က ယခုလို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ဥပေဒေရေးရာ အရာရှိနှင့် ရှေ့နေဖြစ်သူ ဖာတိုဘန်ဆိုဒါက ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပြုတင်ပြခဲ့ပြီးနောက် တရားသူကြီးသုံးဦး ပါဝင်သည့် ပဏာမတရားစီရင်ရေးခုံအဖွဲ့က ယင်းသို့ ဆုံးဖြတ်ချက် ချမှတ်ကာ ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

F-02