News

POST TYPE

LOCAL

ဘင်္ဂါလီများကို ကမန်လူမျိုးနာမည်ဖြင့် မှတ်ပုံတင်ထုတ်ပေး၍ဟုဆိုကာ အစိုးရထံတိုင်ကြား
06-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် ဘင်္ဂါလီသုံးထောင်ကျော်ကို ကမန်လူမျိုးနာမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးနေကြောင်း ကမန် အမျိုးသားတိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင်ပတ်သက်၍ ကမန်လူမျိုးနာမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေခြင်းအပေါ် ပြန်လည်စစ်ဆေးပေးရန် နိုင်ငံတော်သမ္မတရုံးအပြင် သက်ဆိုင်ရာဝန်ကြီးဌာန၊ လွှတ်တော်များသို့ စက်တင်ဘာလ ၄ ရက်က တိုင်ကြားခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။

“လဝကဟာ ကျွန်တော်တို့ လုံးဝ မသိဘဲ ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်သွားတာဟာ ဒေသမှာရှိကြတဲ့ ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို အလွဲသုံးစား လုပ်တယ်လို့ ခံယူတယ်။ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ အလုပ်ကို လဝက လုပ်သွားတယ်”ဟု ဦးတင်လှိုင်ဝင်းက ပြောသည်။

အဆိုပါကျေးရွာတွင် ကမန်တိုင်းရင်းသားများအပြင် ဘင်္ဂါလီလူမျိုးများ နေထိုင်လျက်ရှိရာ ဘင်္ဂါလီလူမျိုးတို့အား ကမန်တိုင်းရင်းသားအမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနေသည်မှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် ဩဂုတ်လအထိ လူဦးရေ ၃၃၀၆ ဦးရှိကြောင်း ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦး၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ဘာသာရေးတူလို့၊ ပေးစရာနာမည် တပ်စရာမရှိလို့ ကမန်လူမျိုးဆိုပြီးတက်လာတော့ ကျွန်တော်တို့ဘက်က လက်ခံမှ မဟုတ်ဘူး။ ကျွန်တော်တို့လူမျိုးတွေဟာ လေးသည်တော် အမျိုးအနွယ်အဖြစ် မျိုးနဲ့ ရိုးနဲ့ ဆင်းသက်လာတာ။ အဲဒီအပေါ်မှာ ဘာသာတူလို့၊ နေရာဒေသတူလို့ ဆိုပြီးတော့ ကျွန်တော်တို့လူမျိုးအဖြစ် လက်ခံပေးလို့မရဘူး”ဟု ကမန်တိုင်းရင်းသား လူမှုကွန်ရက်ဝင် ဦးထွန်းငွေက ဆိုသည်။

ကမန်တိုင်းရင်းသားတို့သည် ဘင်္ဂါလီလူမျိုးတို့နှင့် ကိုးကွယ်သည့်ဘာသာ တူသော်လည်း သမိုင်းကြောင်း၊ သာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ဓလေ့ထုံးတမ်းများမှာ ကွဲပြားခြားနားကြောင်း ၎င်းကဆက်၍ ရှင်းပြသည်။

“ဒီလူမျိုး(ဘင်္ဂါလီ) တွေ ရောက်လာလို့ ကျွန်တော်တို့လူမျိုးအတွက် ကောင်းကျိုးလည်း တစ်ခုမှမရှိ၊ ကျွန်တော်တို့အတွက် ဆိုးကျိုးတွေပဲ ဖြစ်လာမယ့် အနေအထားရှိတယ်။ ကျွန်တော်တို့ ကိုယ့်ဒုက္ခတောင် ခံစားလို့မဝနိုင်တာကို သူတို့ဒုက္ခလည်း မခံစားနိုင်ဘူး”ဟု ဦးတင်လှိုင်ဝင်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်မင်းက ပြောကြားသည်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်လွှတ်တော်သို့ ကမန်ပါတီက တရားဝင် စာတင်လာခြင်း မရှိသေးကြောင်း၊ မြို့နယ်ကိုယ်စားလှယ်အနေဖြင့်လည်း တင်ပြလာခြင်း မရှိကြောင်းနှင့် သက်ဆိုင်ရာ ကိုယ်စားလှယ်အနေနှင့် ဆောင်ရွက်မည်ဆိုလျှင် အဆိုတစ်ရပ်အနေနှင့်လည်း တင်သွင်းသင့်ကြောင်း ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းကဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။