News

POST TYPE

LOCAL

ကျပ်သိန်းတစ်သောင်းခွဲထီ ၂၀၁၉ ဖေဖော်ဝါရီ စရောင်းရန်စီစဉ်
05-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၅

ကျပ်သိန်းပေါင်း တစ်သောင်းခွဲအထိ အမြင့်ဆုံးဆုကြေးပေးမည့် ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို လာမည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှသာ စတင်ရောင်းချနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က The Voice Daily သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် စီးပွားရေးကော်မတီထံမှ ခွင့်ပြုချက်ရရှိထားကာ ပြည်ထောင်စုအစိုးရသို့ ထပ်မံတင်ပြပြီး ခွင့်ပြုချက်ရရှိပါက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထီလက်မှတ်များ စတင်ထုတ်ရောင်းမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ကျပ်တစ်ထောင်တန် ထီလက်မှတ်၏ အမြင့်ဆုံးဆုကြေးကို ကျပ်သိန်းပေါင်း တစ်သောင်းခွဲ သတ်မှတ်ထားပြီး ပေါက်မဲ ဆုအရေအတွက်ကို ကျပ်ငါးရာတန် ထီလက်မှတ် ပေါက်မဲအရေအတွက်ထက် နှစ်ဆကျော် ဆုမဲပေါင်း နှစ်သိန်းကျော်အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အမြင့်ဆုံးဆုကြေးကို နည်းနည်း လျှော့ထားတယ်ဆိုတာက အများပြည်သူတွေကို ဆုမဲများများပေါက်စေချင်လို့ပါ။ ပေါက်ဖို့များမှလည်း လူတိုင်းက ထိုးချင်မှာပေါ့”ဟု ဦးမင်းထွဋ်ကဆိုသည်။

ယခင်က ကျပ်တစ်ထောင်တန် ထီလက်မှတ်ကို ယခုနှစ် အောက်တိုဘာလတွင် စတင်ရောင်းချနိုင်ရန် စီစဉ်ထားသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ထံ ခွင့်ပြုချက်ရရှိရန်နှင့် ထီလက်မှတ်များထုတ်လုပ်ရန် ကြာမြင့်မည့်အချိန်ကြောင့် လာမည့်နှစ် ဖေဖော်ဝါရီလမှသာ စတင်ရောင်းချနိုင်မည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနထံမှ သိရသည်။

အောင်ဘာလေထီမှ ရောင်းချခဲ့သော တန်ဖိုးငွေ၏ ၆၀ ရာခိုင်နှုန်းကို ထီဆုမဲများအဖြစ် သတ်မှတ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို အစိုးရဘဏ္ဍာငွေအဖြစ် သတ်မှတ်ထားပြီး ဈေးကွက်အပေါ်မူတည်ပြီး အက္ခရာ အရေအတွက် အတိုးအလျှော့ရှိနိုင်ကာ အက္ခရာတစ်လုံးလျှင် စောင်ရေ ရှစ်သောင်းကျော် ရိုက်နှိပ်ရောင်းချလျက်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ကျပ်နှစ်ရာတန် ထီလက်မှတ်ကို ကျပ်ငါးရာတန် ထီလက်မှတ်အဖြစ် ပြောင်းလဲရောင်းချခဲ့ပြီး အမြင့်ဆုံးဆုကြေးငွေကို ကျပ်သိန်း တစ်သောင်းအထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။

“ဆုကြေးအပေါ်မှာတော့ စိတ်ဝင်စားပြီး ထိုးကြမှာပဲ။ ဒါပေမဲ့ ထီလက်မှတ် ဈေးနှုန်းကို အများကြီး တက်ရောင်းနေတဲ့ကိစ္စကို နည်းနည်းကျပ်ပေးရင်တော့ ဆုမဲလည်းများတယ်၊ ဈေးနှုန်းလည်းသင့်မယ်ဆိုရင် ထိုးကြမှာပါ”ဟု ကုမ္ပဏီဝန်ထမ်း ဦးဝင်းနိုင်ဦးက ပြောကြားသည်။

ထီလက်မှတ်များ ဈေးနှုန်းတင်ရောင်းမှုများ လျော့ကျရန်အတွက် ကိုယ်စားလှယ်တိုင်းကို စရန်ငွေထားပြီး လိုသလောက် ထီလက်မှတ်အရေအတွက်ကို ထုတ်ရောင်းချပေးလျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

J-01