News

POST TYPE

LOCAL

လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ကန်ဒေါ်လာ ၉ သန်းခန့် ချေးယူရန် တင်ပြ
05-Sep-2018 tagged as

ရန်ကုန်၊ စက်တင်ဘာ ၎

လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးဆိုင်ရာ စီမံကိန်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) ထံမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ချေးငွေရယူရေးအတွက် ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

ယင်းစီမံကိန်းကို ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့ရှိ အိမ်ထောင်စုပေါင်း ၉၈,၅၀၀ ခန့်အတွက် မိသားစုဝင်ငွေတိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေး၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို တုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်ခြင်း စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“စီမံကိန်းကို ခြောက်နှစ်ဆောင်ရွက်မယ်လို့တော့ လျာထားတယ်။ ဒီချေးငွေက ဆိုင်းငံ့ကာလအပါအဝင် နှစ် ၄၀ ပါ။ အတိုးမဲ့ချေးငွေ၊ ဒါပေမဲ့ ဝန်ဆောင်ခယူတယ်။ ချေးငွေက ဒေါ်လာ ၈ သန်းကျော် ဆိုပေမယ့် ထောက်ပံ့ငွေနဲ့ဆိုရင် ဆောင်ရွက်မယ့်စီမံကိန်းငွေက စုစုပေါင်းဒေါ်လာ ၂၀ ဒသမ ၂၅၇ သန်းရှိတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်ထံမှ ချေးငွေရယူရန် ခွင့်ပြုချက်ရရှိပါက IFAD နှင့် MoU လက်မှတ်ရေးထိုး၍ ခြောက်နှစ်စီမံကိန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ချေးငွေသက်တမ်းမှာ ဆိုင်းငံ့ကာလအပါအဝင် နှစ်လေးဆယ်ဖြစ်ကာ စီမံကိန်းဆောင်ရွက်မည့် မြို့နယ်လေးခုတွင် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို ချေးငွေထုတ်ချေးမည့် အစီအစဉ်များလည်းပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

J-11

  • TAGS