News

POST TYPE

LOCAL

တနင်္သာရီဂျာနယ်အမှု စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက် ပေးရမည်
ထားဝယ်၊ စက်တင်ဘာ ၃ 

မဲဆွယ်အပြုံး သရော်စာရေးသား ဖော်ပြသည့်အတွက် တနင်္သာရီအပတ်စဉ်ကို တနင်္သာရီတိုင်း အစိုးရက တရားစွဲဆိုထားသည့်အမှုကို စွဲချက် တင်သင့် မတင်သင့်ကို နှစ်ဖက်ရှေ့နေများက စက်တင်ဘာ ၁၇ ရက်နေ့တွင် လျှောက်လဲချက်ပေးရမည်ဖြစ်သည်။

“နှစ်ဖက် စွဲချက်တင်သင့် မသင့် လျှောက်လဲချက် ကြားနာဖို့ ချိန်းဆိုထားပါတယ်”ဟု မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။

အဆိုပါအမှုတွင် တိုင်းအစိုးရဘက်က တရားလိုပြသက်သေနှစ်ဦးကို တင်သွင်းခဲ့ပြီး မတ်လ ၂၂ ရက်တွင် တရားလိုပြ သက်သေတစ်ဦးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ထားဝယ်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်အေးအေးမိုးက လာရောက်ထွက်ဆို စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၃ ရက် နေ့က ပြုလုပ်သော ၂၃ ကြိမ်မြောက် ရုံးချိန်းတွင် ကျန်တရားလိုပြသက်သေ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၏ ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးအောင်ကျော်စိုး လာရောက်ထွက်ဆိုခဲ့သည်။

တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူပေးရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည်။

မြို့နယ်တရားရုံးတွင် ၁၅ ချိန်းမြောက် ရုံးချိန်း စစ်ဆေးပြီးချိန်တွင် အမှုပယ်ဖျက်ပေးရန် စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံ လျှောက်ထားခဲ့ရာ တိုင်းတရားရုံးက ဇူလိုင်လ ၃၁ ရက်နေ့တွင်အမှုအား မပယ်ဖျက်ရန် “ပလပ်” အမိန့်ချမှတ်ခဲ့သည်။

တိုင်းတရားလွှတ်တော်က အမှုကို မပယ်ဖျက်ရန် “ပလပ်” အမိန့်ချလိုက်သည့်အတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ ချေဖျက်ပေးရန် ဩဂုတ်လ ၁၄ ရက်နေ့က ထပ်မံလျှောက်ထားခဲ့သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမှုကို လက်ခံသင့်။ မသင့်ကြားနာရ ဦးမည်ဖြစ်ပြီး ယင်းကဲ့သို့ မကြားနာမီ မြို့နယ်တရားရုံးတွင် ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဂျာနယ်ဘက်က အမှုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်း ရှေ့နေဒေါ်အေးမွန်သူက ဆိုသည်။

“ဒီနေ့မှာတော့ သူတို့ (တရားလို) ဘက်က သက်သေခံတစ်ခုတင်သွင်းတယ်၊ မြန်မာ့အလင်း သတင်းစာပေါ့”ဟု ဒေါ်အေးမွန်သူက ပြောသည်။

“လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ ဘောင်ထဲကနေပြီးတော့ ရေးသားခွင့်ရှိတယ်ဆိုတာ ယုံကြည်တယ်၊ အဲဒီယုံကြည်တဲ့အတိုင်းပဲ ဥပဒေအရ ပေးထားတဲ့ အခွင့်အရေးအတိုင်း အစွမ်းကုန် ကြိုးစားနေပါတယ်”ဟု တနင်္သာရီ အပတ်စဉ်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ပြောသည်။

သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) အရ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမည် ဖြစ်သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမှုချေဖျက်ရန် ဆုံးဖြတ်ပါက ထားဝယ်မြို့နယ်တရားရုံးတွင် စွဲဆိုထားသည့်အမှုကို ပိတ်သိမ်းရမည်ဖြစ်သည်။

တနင်္သာရီ အပတ်စဉ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ်လက်ထက်အတွင်း မီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Dawei Watch