News

POST TYPE

LOCAL

ရွှေတိဂုံစေတီတော်၏ ကိုယ်လုံးတော်ကြံ့ခိုင်ရေး စစ်ဆေးမည်
29-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၈

ရွှေတိဂုံစေတီတော်၌ လုံးတော်ပြည့် ရွှေသင်္ကန်းမကပ်လှူမီစေတီတော်ကြီး ကိုယ်လုံးတော်ကြံ့ခိုင်ရေးအတွက် လျှပ်စစ်သံလိုက်၊ အသံလှိုင်း၊ X- Ray တိုင်းတာနည်းသုံးနည်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပညာရှင်များက တိုင်းတာစစ်ဆေးမည်ဖြစ်ကြောင်းရွှေတိဂုံဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စေတီတော်ကြီး ကိုယ်လုံးတော်ကြံ့ခိုင်ရေး ဒီနည်းပညာတွေနဲ့ စစ်ဆေးတိုင်းတာပြီးမှ ရွှေသင်္ကန်းကပ်မယ်။ လူမှု ကွန်ရက်တွေမှာ ဝေဖန်သလို ရွှေပြားခွာပြီးတော့ လွန်နဲ့အပေါက်ဖောက်မှာ မဟုတ်ပါဘူး။ အဆင့်မီနည်းပညာတွေနဲ့ ဆောင်ရွက်မှာပါ”ဟု ၎င်းက ဆိုသည်။

ယင်းသို့ တိုင်းတာစစ်ဆေးပြီးပါက စက်တင်ဘာလ ၁၅ ရက်မှစ၍ ငြမ်းဆင်မည်ဖြစ်ပြီး ရွှေတိဂုံစေတီတော် အပေါ်ပိုင်းဖြစ်သည့် ကြာမောက်၊ ရွဲနေရာတို့တွင် ရွှေပြားသင်္ကန်း၊ စေတီတော်အလယ်ပိုင်းရှိ ရှစ်မြှောင့်နှင့် ပစ္စယာတို့၌ မျက်ပါး ရွှေသင်္ကန်းတို့ဖြင့် ကပ်လှူမည်ဖြစ်ပြီး နိုဝင်ဘာလမှစ၍ တစ်ရက်လျှင် ရွှေစင်ရွှေပြား အလှူရှင် ၁၅၀ ဦးစီ ရထားပျံဖြင့် ကပ်လှူပူဇော်နိုင်ရန် စီစဉ်ဆောင်ထားကြောင်း ရွှေတိဂုံဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေတိဂုံစေတီတော်ကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှုကို ၅ နှစ် တစ်ကြိမ်ကျဆောင်ရွက်သော်လည်း စေတီတော်ကြီးမှာ လေဒဏ်မိုးဒဏ်ကြောင့် အရောင်မှေးမှိန်လာသည့်အတွက် ၄ နှစ်ကြာ ပြီးနောက် ထပ်မံကပ်လှူရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေတိဂုံစေတီတော်ကြီးကို နောက် ဆုံးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှုအဖြစ် ၂၀၁၅ ခုနှစ်က ဆောင်ရွက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထံမှသိရသည်။

J-17