News

POST TYPE

LOCAL

မြို့နယ် သုံးခုတွင် YBS ယာဉ်ရပ်နားကွင်း ဆောက်
16-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၅

ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများအနေနှင့် ယာဉ်ရပ်နားရန်နေရာ အခက်အခဲကို ဖြေရှင်းရန် တိုင်းအစိုးရ အဖွဲ့က လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ စသည့်မြို့နယ်သုံးခုတွင် ယာဉ်ရပ်နားကွင်းပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောကြားသည်။

“လက်ရှိ ဒီမြို့နယ်သုံးခုမှာပဲ ဆောက်နေပါတယ်။ နောက်ထပ်လုပ်မယ့် ယာဉ်ရပ်နားကွင်းတွေကတော့ စီစဉ်နေဆဲဖြစ်လို့ အတိအကျနေရာ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါယာဉ်ရပ်နားကွင်း သုံးခုပြီးစီးသွားပါက ယာဉ်လိုင်းကုမ္ပဏီများကို သင့်တင့်သည့်နှုန်းတစ်ခု သတ်မှတ်ပြီး ယာဉ်ရပ်နားခ ကောက်ခံမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

ယုဇနဥယျာဉ်မြို့တော် (ဒဂုံဆိပ် ကမ်းမြို့နယ်) တွင် ယာဉ်ရပ်နားကွင်း တည်ဆောက်နေပြီး အဆိုပါ ယာဉ်ရပ်နားကွင်းတွင် ယာဉ်ရပ်နားပါက ကုမ္ပဏီအတွက် သင့်တင့်သည့်နှုန်းထား သတ်မှတ်ကောက်ခံမည်ကို ပြောကြားထားကြောင်း YBS ၈၀ ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်ရပ်နားကွင်းတည်ဆောက် နေသည့် လှိုင်သာယာမြို့နယ်တွင် YBS ၂၁၊ ၉၉၊ ၁၆၊ ၁၇၊ ၂၀၊ ၂၂၊ ၈၃၊ ၇၉၊ ၆၈၊ ၆၉၊ ၇၂၊ ၇၄၊ ယုဇနဥယျာဉ်မြို့တော်တွင် YBS ၂၊ ၃၊ ၄၊ ၅၊ ၈၀၊ အရှေ့ဒဂုံမြို့နယ်တွင် YBS ၂၅၊၂၆၊၂၇၊၂၈၊၂၉၊၃၀၊ ၄၆၊ ၆၆၊ ၇၁ ယာဉ်လိုင်းတို့ အခြေပြုပြေးဆွဲလျက်ရှိသည်။

ခရီးသည်တင်ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် ယာဉ်လိုင်း ကုမ္ပဏီများအနေနှင့် ယာဉ်များရပ်နားရန် ယာဉ်ရပ်နားကွင်းမရှိသည့် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT၊ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ YBPC နှင့် Omni Focus စသည့် ကုမ္ပဏီတို့တွင် ယာဉ်ရပ်နားကွင်းများရှိကြောင်း ယာဉ်လိုင်းကုမ္ပဏီများထံမှ သိရသည်။

တိုင်းအစိုးရအနေနှင့် ထိုကဲ့သို့ ယာဉ်ရပ်နားကွင်း တည်ဆောက်ပေးခြင်းသည် ယာဉ်လိုင်းကုမ္ပဏီများအတွက် အထောက်အပံ့တစ်ခုဖြစ်ပြီး လက်ရှိတည် ဆောက်သည့် မြို့နယ်သုံးခုကို ပြေးဆွဲသည့် ယာဉ်လိုင်းများ အဆင်ပြေသကဲ့သို့ ကျန်ယာဉ်လိုင်းများ အခြေပြုပြေးဆွဲနေသည့် မြို့နယ်များကိုပါ ထပ်မံဆောင်ရွက်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းက ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့တွင်း YBS ယာဉ် လိုင်းပေါင်း ၁၀၀ အထိ ရှိပြီး ယာဉ်စီးရေ ၅၀၀၀ ကျော်ဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း YRTA ထံမှ သိရသည်။

J-06