News

POST TYPE

LOCAL

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆိုင်းဘုတ်များ ဖျက်သိမ်းရန် အစီအစဉ်မရှိဟုဆို
11-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၁ 

မဘသမှ အမည်ပြောင်းလဲထားသည့် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအဖွဲ့၏ဆိုင်းဘုတ်ကို အတင်းအဓမ္မ ဖျက်သိမ်းပါကလည်း ဖျက်သိမ်းရန် အစီအစဉ်မရှိကြောင်း ယင်းဖောင်ဒေးရှင်း၏ ဗဟိုအဖွဲ့ဝင် ဓမ္မဝံသာနုရက္ခိတအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောကြားသည်။

တာမွေမြို့နယ် ကျိုက္ကဆံလူထု ဟစ်တိုင်ကွင်း၌ ဩဂုတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ပြုလုပ်သော အမျိုး ဘာသာ၊ သာသနာ၊ ကာကွယ်စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို အားပေးထောက်ခံပွဲ၌ ၎င်းက မီဒီယာများကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တကယ်လို့ အတင်းအဓမ္မ ဖျက်သိမ်းလာမယ်ဆို သက်ဆိုင်ရာ ဦးဆောင်ပုဂ္ဂိုလ်တွေကို တင်ပြမယ်။ ပြန်ညှိနှိုင်းမယ်။ အဲ့ဒီက လမ်းညွှန်ချက်အပေါ် မူတည်ပြီးတော့ ဆောင်ရွက်မယ်။ ဆိုင်းဘုတ်တော့ဖြုတ်ဖို့ အစီအစဉ် မရှိပါဘူး”ဟု ၎င်းကဆိုသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ က သတ်မှတ်ထားသည့် ၄၅ ရက်အတွင်း ဆိုင်းဘုတ်ဖျက်သိမ်းရန် ညွှန်ကြားမှုကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အင်အားသုံးဖျက်သိမ်းမည်ဆိုပါက နိုင်ငံရေးပါတီ မဟုတ်လျှင် ဖွဲ့စည်းခွင့်ရှိသည်ဟု ဖော်ပြထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ ဇွဲကပင် ဆရာတော်ကြီးက ယင်းပြည်နယ်အတွင်းရှိ မဘသနှင့်ဆက်နွှယ်သည့် ဆိုင်းဘုတ်များကို ဖြုတ်သိမ်းမည် မဟုတ်ဟု ပြောကြားထားသည်။

အဆိုပါ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ အားပေးထောက်ခံပွဲသို့ အမျိုးသား တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည် အပါအဝင် အမျိုးသားရေးတက်ကြွသူ စာရေးဆရာအချို့ တက်ရောက်ဟောပြောကြပြီး လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံဒေသအသီးသီးသို့ တရားမဝင် ဝင်ရောက်လာသော ခိုးဝင် ဘင်္ဂါလီများကို စိစစ်ဖော်ထုတ် အရေးယူရေး၊ မောင်တောဒေသသည် တိုင်းရင်းသား လူမျိုးစုအနည်းစုသာ နေထိုင်သဖြင့် ပြန်လည်လက်ခံမည့် ဘင်္ဂါလီများထဲတွင် အကြမ်းဖက်ဗီဇပါသော ဘင်္ဂါလီများကို လက်ခံမပေးရန် စသည့်အချက်များကို ကြွေးကြော်ခဲ့ကြသည်။

J-17