News

POST TYPE

LOCAL

ငပုတောတွင် တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေး သူရဲကောင်းဆု ချီးမြှင့်
01-Aug-2018


ပုသိမ်၊ ဇူလိုင် ၃၁ 

ဧရာဝတီတိုင်း ငပုတောမြို့နယ်တွင် တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သူများကို ဇူလိုင်လ ၃၁ ရက်က မြို့နယ်အားကစားရုံး ခန်းမတွင် “တောဆင်ရိုင်း ထိန်းသိမ်းရေး ကာကွယ်ရေး သူရဲကောင်းဆု” ချီးမြှင့်ခဲ့သည်။ 

တောဆင်ရိုင်းသတ်ဖြတ်သူနှင့် ဆင်သတ်လက်နက်များကို ဖော်ထုတ်ရာတွင် ပါဝင်ဆောင်ရွက်သော ရဲတပ်ဖွဲ့ဝင် အရာရှိနှင့် အခြားအဆင့်၊ သစ်တောဦးစီး ဌာနမှဝန်ထမ်းများ၊ သတင်းပေးသည့် ကျေးရွာဒေသခံများနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်သော ဆယ်အိမ်မှူး၊ ရာအိမ်မှူး အပါအဝင် စုစုပေါင်း ၁၈ဦးကို ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့က ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ရှင်းပြသည်။

တောဆင်ရိုင်းထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ကြွစွာပါဝင်လာစေရန် ငပုတောမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဖိတ်ကြားကာ တောဆင်ရိုင်း ထိန်းသိမ်းရေး လုပ်ဆောင်သူများကို ဆုချီးမြှင့်ခဲ့ကြောင်း၊ ငပုတောမြို့နယ်၌ ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ခြင်းဖြစ်ပြီး ယခုအကြိမ်တွင် တောဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေး သူရဲကောင်းဆု ပါဝင်လာပြီး ယင်းဆုကို တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ရရှိကြောင်း ၎င်းက ဆိုသည်။ 

“နေ့ရယ် ညရယ် မခွဲခြားဘူး တောဆင်တွေ အသတ်မခံရဖို့ လုပ်ခဲ့လို့ ဆုရတာပါ။ ခက်ခဲ ကြမ်းတမ်းပါတယ်၊ ကွန်ဂျီဆင် (ဆင်ယဉ် ) တွေနဲ့ဆို သွားလာရေးသက်သာတယ်၊ ဆင်သတ်သူတွေကို အလွယ်တကူ ဖမ်းဖို့မလွယ်ဘူး။ လက်နက်တွေရှိတော့ လက်နက်ကို လုံးထွေးလုယူရတာမျိုးလည်း ရှိတယ်၊ အဓိကကတော့ ပြည်သူတွေ ဝိုင်းဝန်းပါဝင်ဖို့လိုတယ်၊ ဆင်ဆိုတာ တိုင်းပြည်ရဲ့ ရတနာတစ်ပါးပါ”ဟု တောဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေး သူရဲကောင်းဆုရသူ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ဆိုသည်။

၂၀၁၇ ခုနှစ်တွင် ဧရာဝတီတိုင်း ပုသိမ်ခရိုင်တွင် တောဆင်ရိုင်း သတ်ဖြတ်ခံရမှု ၁၆ကြိမ်ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တောဆင်ရိုင်း အသတ်ခံရမှု ၄ ကြိမ်ရှိကြောင်း၊ ငပုတောမြို့နယ်တွင် သက်ဆိုင်ရာဌာနများ၊ ဆင်မိတ်ဆွေအဖွဲ့များ၊ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုကြောင့် တောဆင်ရိုင်း သတ်ဖြတ်ခံရခြင်း မရှိခဲ့ကြောင်း ငပုတောမြို့နယ် သစ်တောဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က ပြောသည်။

ငပုတောမြို့နယ်ရှိ သစ်တောများသည် ရခိုင်ရိုးမ တောင်တန်းနဲ့ တစ်ဆက်တည်း ရှိနေသောကြာင့် တောဆင်ရိုင်းများ လှည့်လည် ကျက်စားနေကြောင်း၊ ငပုတောမြို့နယ် သစ်တောများ၌ တောဆင်ရိုင်း သတ်ဖြတ်မှု မခံရစေရန် အခြေစိုက်စခန်း ၃ ခု ဖွင့်လှစ်ပြီး ရဲတပ်ဖွဲ့၊ သစ်တောရဲအရေးပေါ် ဆင်ကိစ္စ ဆောင်ရွက်ရေးအဖွဲ့နှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကင်းလှည့်၍ တောဆင်ရိုင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း ငပုတောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဝင်းထံမှ သိရသည်။

R-12



  • VIA