News

POST TYPE

LOCAL

ကော့သောင်းတွင် မြေပြို၊ လူ ၅ ဦး သေဆုံး
31-Jul-2018


ရန်ကုန်၊ ဇူလိုင် ၃၀

ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာ စွယ်တော်လမ်းတွင် ဇူလိုင်လ ၃၀ ရက် နံနက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်စောင်းမြေပြိုကျသဖြင့် အိမ် ၅ လုံး ပေါ်ပိမိကာ လူ ၅ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

တောင်စောင်းအောက်ခြေတွင်ရှိသော အိမ်များပေါ် မြေသားပြိုကျသဖြင့် ယင်းအိမ်များတွင်နေထိုင်သော အသက် ၈ နှစ်အရွယ် မယမုံသော်၊ အသက် ၂၀ အရွယ် ကိုဇွဲထက်အောင်၊ အသက် ၂၅ နှစ်အရွယ် မမိကန်း၊ အသက် ၄၂ နှစ် အရွယ် ဒေါ်အေးလှိုင်နှင့် အသက် ၅၅ နှစ်အရွယ် ဦးအောင်ဝင်းတို့ သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ကိုမဲငယ်မှာ ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“မိုးက ညကတည်းက အရမ်းရွာတာ၊ မနက်ပိုင်းမှာ တောင်ခြေက အိမ်တွေပေါ်မြေပြိုပြီး လူတွေပိနေလို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်၊ NGO က လူတွေ၊ ဒေသခံတွေက မြေပိနေတဲ့နေရာမှာ ရှာဖွေရေးတွေ လုပ်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။ 

သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းကို ကော့သောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။ 




  • VIA