News

POST TYPE

LOCAL

ဖားကန့်မြေပြိုမှု အလောင်း ၂၂ လောင်း ပြန်တွေ့
29-Jul-2018
မြစ်ကြီးနား၊ ဇူလိုင် ၂၈

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာအနီးရှိ ဧရာရတနာ ကုမ္ပဏီလုပ်ကွက်ဟောင်းအနီး၌ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်က မြေပြိုမှုဖြစ်ပွားခဲ့ရာတွင် သေဆုံးခဲ့သူများအနက်မှ အလောင်း ၂၂ လောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ကူညီရှာဖွေရေး ဆောင်ရွက်သူများထံမှ စုံစမ်းသိရှိရသည်။

“ဒီနေ့အထိတော့ ၂၂ လောင်းရှိပြီ။ ရှာဖွေရေးအဖွဲ့တွေကတော့ရှိတုန်းပဲ။ ဘယ်နေ့အထိလုပ်သွားမယ်ဆိုတာတော့ သက်ဆိုင်ရာအဖွဲ့နဲ့ပဲဆိုင်တယ်”ဟု ယင်းရှာဖွေမှုကို လုပ်ဆောင်နေသည့် ဖားပြင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရင်ထွေးက ပြောဆိုသည်။

အဆိုပါ မြေပြိုသည့်နေရာ၌ စက်ယန္တရားများ ဝင်ရောက်ရန်ခက်ခဲသည့်အတွက် သက်ဆိုင်ရာ ရှာဖွေရေးအဖွဲ့များက ရုပ်အလောင်းပေါ်လာမှုကိုသာ စောင့်ဆိုင်းနေရကြောင်း ဖားကန့်မြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေအထိ သေဆုံးသူအလောင်း ၁၁ လောင်းကို တွေ့ရှိထားပြီး ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ ဇူလိုင်လ ၂၇ ရက်နေ့တွင် အလောင်း ၁၀ လောင်းထပ်မံ တွေ့ရှိခဲ့ကာ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အလောင်းတစ်လောင်းတွေ့ရှိခဲ့သဖြင့် စုစုပေါင်း အလောင်း ၂၂ လောင်းကို တွေ့ရှိထားသည်။ 

အဆိုပါ မြေပြိုမှုကြောင့် သေဆုံးသူများသည် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားများသာဖြစ်ကြောင်း၊ ယင်းမြေပြိုမှုကြောင့် ပိမိသေဆုံးသူ ရှာဖွေဆယ်ယူရေး ရပ်နားမည့်ရက်ကိုမူ မသိရှိရသေးကြောင်း ယင်းကူညီရှာဖွေရေးအဖွဲ့များထံမှ သိရသည်။

အဆိုပါ မြေပြိုမှုကြောင့် ရက်အနည်းငယ်အကြာ၌ ပုပ်ပွပြီးရေပေါ်ပေါ်လာသည့် အလောင်း ၂၂ လောင်းကို ဆယ်ယူနိုင်ပြီး မြေပြိုမှုကြောင့် ပျောက်ဆုံးသူစာရင်းမှာ ၂၇ ဦးရှိခဲ့သည်။

အဆိုပါ သေဆုံးသူရုပ်အလောင်းများရှာဖွေမှုကို လွှတ်တော်ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့၊ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၊ နိုင်ငံရေးပါတီများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများစုပေါင်းလုပ်ဆောင်လျက်ရှိသည်။ 

R-06


  • VIA