News

POST TYPE

LOCAL

ကိုယ်ဝန်ဆောင်များကို ငွေကြေးထောက်ပံ့မည့်အစီအစဉ် ကရင်နှင့်ကယားပြည်နယ်ထပ်တိုး
10-Jul-2018

မန္တလေး၊ ဇူလိုင် ၉

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် ကလေးများကို အသက် ၂ နှစ်ထိ ထောက်ပံ့ခြင်းအစီအစဉ်ကို ကရင်နှင့်ကယားပြည်နယ်တို့ ထပ်တိုးလိုက်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးကျော်လင်းထင်က ပြောကြားသည်။

လက်ရှိတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ရခိုင်ပြည်နယ်တို့တွင် ထောက်ပံ့ပေးလျက်ရှိရာမှ ကရင်ပြည်နယ် နှင့်ကယားပြည်နယ်တို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ထောက်ပံ့ပေးနိုင်ရန် စီစဉ်နေသည်ဟု ၎င်းက ပြောဆိုသည်။

“ကလေးငယ်တွေရဲ့ အာဟာရဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပေါ့။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေရဲ့ကျန်းမာရေး ပိုပြီးကောင်းလာမယ်။ အကျိုးခံစားခွင့်ရှိတဲ့ မိသားစုတွေကြားထဲမှာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေအတွက် တကယ်ကိုအထောက်အကူဖြစ်စေတဲ့၊ အကျိုးရှိစေတဲ့ ဝင်ငွေတစ်ခုဖြစ်လာမယ်။ ဒီလိုထောက်ပံ့နိုင်ဖို့အတွက် လွှတ်တော်ကနေ အတည်ပြုဖို့ပဲကျန်ပါတော့တယ်”ဟု ဦးကျော်လင်းထင်က ရှင်းပြသည်။

တိုးချဲ့ထောက်ပံ့ခြင်းအစီအစဉ်ကို နိုင်ငံတော်ဘတ်ဂျက်မှ ကျခံသွားမည်ဖြစ်ပြီး ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် တစ်လလျှင် ၁၅,၀၀၀ ကျပ်နှုန်းဖြင့် နှစ်လတစ်ကြိမ် ကျပ်သုံးသောင်းစီ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်ကိုပါ တိုးချဲ့ထောက်ပံ့နိုင်ရန် ကမ္ဘာ့ဘဏ်နှင့်ဆွေးနွေးလျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် ကလေးများ အသက် ၂ နှစ်ထိ ငွေကြေးထောက်ပံ့ခြင်းကို ၂၀၁၇ ခုနှစ် ဇွန်လက စတင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ထောက်ပံ့မှုများကို ယင်းနှစ်ဇူလိုင်လက စတင်လုပ်ဆောင်ခဲ့သည်။

M-05


  • VIA