News

POST TYPE

LOCAL

သီတဂူဆရာတော်ပုံတူကြေးသွန်းရုပ်တု သီတဂူဝိပဿနာအကယ်ဒမီတွင်ထားမည်
09-Jul-2018



မန္တလေး၊ ဇူလိုင် ၈

စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာအကယ်ဒမီအတွင်းရှိ သီတဂူဆရာတော်မော်ကွန်းတိုက်တွင် ဆရာတော်၏ ပုံတူကြေးသွန်းရုပ်တု သွန်းလုပ်ထားရှိမည်ဖြစ်ကြောင်း မြန်မာမှုပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောကြားသည်။

ဆရာတော်ကုလားထိုင်တွင် ထိုင်တော်မူဟန် ကြေးရုပ်တုသွန်းလုပ်မည်ဖြစ်ကာ အမြင့်ခုနစ်ပေကျော် ရှိမည်ဖြစ်ကြောင်း၊ သွန်းလုပ်မှုနှင့်ပတ်သက်၍ အချိန်ကန့်သတ်ထားခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဆရာတော်ကြီးပုံစံတူဆိုတော့ လှူတဲ့သူတွေက စိတ်တိုင်းကျဖြစ်အောင်လုပ်ရမှာ”ဟု တမ္ပဝတီဦးဝင်းမောင်က ရှင်းပြသည်။

ယင်းကြေးရုပ်တု သွန်းလုပ်မှုကို တမ္ပဝတီဦးဝင်းမောင်က ဦးဆောင်ပြီး သီတဂူဝိပဿနာအကယ်ဒမီတွင် ဓမ္မာရုံတည်ဆောက်စဉ်ကပါဝင်ခဲ့သော ပညာရှင်လေးဦး စုပေါင်းသွန်းလုပ်လှူဒါန်းခြင်းဖြစ်ကြောင်း ကြေးသွန်းပညာရှင်တစ်ဦးဖြစ်သူ ဦးအောင်အောင်မိုးက ပြောကြားသည်။

“လတ်တလောမှာတော့ မျက်နှာတော်အပိုင်းကို ရွှံ့နဲ့ပုံကြမ်းဖော်တဲ့အဆင့်ပဲ ရှိသေးတယ်။ မြေပုံကြမ်းကိုမစရသေးဘူး။ ဒါပြီးမှ အထိုင်ပုံ စလုပ်ရမှာ”ဟု ၎င်းက ရှင်းပြသည်။

သီတဂူဆရာတော်၏ပုံတူ ကြေးသွန်းရုပ်ကို မန္တလေးမြို့တွင် သွန်းလုပ်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သီတဂူ ဝိပဿနာ အကယ်ဒမီကို တည်ထောင်ခဲ့သော ဆရာတော်၏ဂုဏ်ကို ကြည်ညိုသောအားဖြင့် ယင်းကြေးရုပ်တုကို သွန်းလုပ်လှူဒါန်းခြင်းဖြစ်သည်။ 

M-08