News

POST TYPE

LOCAL

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို တားမြစ်သော မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူးကို ရာထူးတိုး သုံးနှစ်ရပ်ဆိုင်း
24-Jul-2016 tagged as

 ပုသိမ်၊ ဇူလိုင်  ၂၃

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ရုံးကြီးအုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ညစာစားပွဲကို တားမြစ်ခဲ့သော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒု ဦးစီးမှူး ဦးအောင်သူဖြိုးကို သုံးနှစ်အတွင်း ရာထူးတိုး ရပ်ဆိုင်းကာ အရေးယူခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

“ဝန်ထမ်းစည်းကမ်းအရ စစ်ဆေးဖို့ သူ့ကို ဘိုကလေးမြို့နယ်ကို ယာယီပြောင်းရွှေ့ပေးထားပါတယ်၊ အခု လက်ရှိ ရာထူးကနေ ၃ နှစ်အတွင်း ရာထူးတိုးမပေးဖို့နဲ့ အခြားပြည်နယ် တစ်ခုခုကို ပြောင်းရွှေ့ပေးဖို့  ဇူလိုင်လ ၂၁ ရက်နေ့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်” ဟု တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဝန်ထမ်းများက အစိုးရ၏ မူဝါဒများကို ဖော်ဆောင်ရန် တာဝန်ရှိပြီး အစိုးရ အခက်အခဲဖြစ်အောင် မလုပ်မိရန် အရေးကြီးကြောင်း၊ ဝန်ထမ်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ဥပဒေများကို ကျော်လွန်လုပ်ဆောင်မှုများကို  ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

အဆိုပါ  မွေးနေ့ကျင်းပရန် တားမြစ်ခဲ့သော ဒုဦးစီးမှူးကို စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး  တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် စစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရုံးချုပ်) ထံ တင်ပြထားကြောင်း၊ ၎င်းကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ဇွန်လ ၁၉ ရက်နေ့က ညနေပိုင်းက ဟင်္သာတမြို့ ရုံးကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ညစာစားပွဲ ကျင်းပရာနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးအောင်သူဖြိုး ရောက်ရှိလာပြီး  ပွဲမိန့်ပါမစ် ယူရန်နှင့် နိုင်ငံတော်အဆင့် အခမ်းအနား မဟုတ်ဘဲ ရုံးတွင်ပြုလုပ်သဖြင့် နောက်တစ်နေ့တွင် ရှင်းရမည်ဟု ပြောဆိုခဲ့သဖြင့် ပွဲပျက်ခဲ့ရကြောင်း လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဂုဏ်ပြုပွဲ ပျက်ခဲ့ရသောကြောင့် ရပ်ကွက်နေ ပြည်သူများက မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခဲ့သော်လည်း ခေါ်မေးမည်ဟုသာ ပြောဆိုသဖြင့် ပြည်သူများက အရေးယူပေးရေး အတွက် တိုင်းအစိုးရအဖွဲ့ထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ မြို့နယ်ဒုဦးစီးမှူးကို အရေးယူမှုမှာ တိုင်းဒေသကြီး အစိုးရသစ် လက်ထက်တွင် ဝန်ထမ်းကို ပထမဦးဆုံး အရေးယူခဲ့ခြင်း ဖြစ်သည်။ 

  • TAGS