News

POST TYPE

LOCAL

ရေဘေးသင့်ဒေသများသို့ တိရစ္ဆာန်အစာနှင့်ဆေးဝါး ဖြန့်ဖြူးရန် ကျပ်သန်း ၂၈၀ လျာထား
02-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁

ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတစ်ဝန်း လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရေဘေးသင့်ဒေသများသို့ တိရစ္ဆာန်အစာနှင့် တိရစ္ဆာန်သုံး ဆေးဝါးများ ဖြန့်ဖြူးပေးရန် ကျပ်သန်း ၂၈၀ လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ရေဘေးသင့်ဒေသများထံ တိရစ္ဆာန်အစာနှင့် တိရစ္ဆာန်သုံးဆေးဝါးများကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ရေကြီးနစ်မြှုပ်မှုဒဏ်ကို အများဆုံးခံစားခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် ရေကြီးနစ်မြုပ်သည့်ဒေသများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်၏ အရေးပေါ်တုံ့ပြန်မှု (IRM) အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မော်တော်ဆိုင်ကယ်အစီး ၂၀၀၀၊ ကွန်ပေါင်းဓာတ်မြေဩဇာ ၃၄၉,၁၂၃ အိတ်၊ မျိုးစေ့ သန့်စင်စက် ၁၀ လုံး၊ အစိုဓာတ်တိုင်းကိရိယာ အခု ၁၇၀၊ လေလုံမျိုးစေ့သိုလှောင်အိတ် ၄၅,၄၇၀၊ တစ်တန်အိတ် ၅၅၄၈ အိတ်၊ မိုးကာစ ၅၄၀၀ တို့ကို ဝယ်ယူဖြန့်ဖြူးပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

ရေဘေးသင့်ဒေသများကို မျိုးစေ့နှင့် ဓာတ်မြေဩဇာများကိုလည်း အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး စက်ယန္တရား ကူညီပေးမည့်အစီအစဉ်များနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ရေကြီးရေလျှံမှုများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားထားသည်။

ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့တွင် နွေစပါးနှင့် မိုးစပါးစိုက်ဧကပေါင်း သုံးသိန်းကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။

J-11


  • VIA