News

POST TYPE

LOCAL

မန္တလေးတိုင်းတွင် ဆေးဆိုင်ငါးဆိုင်ကို အမျိုးသားဆေးဝါးဥပဒေဖြင့် အမှုဖွင့်
29-Jun-2018
မန္တလေး၊ ဇွန် ၂၈

မန္တလေးတိုင်းအတွင်းရှိ ဆေးဆိုင်ငါးဆိုင်ကို အမျိုးသားဆေးဝါးဥပဒေအရ အမှုဖွင့်ထားပြီး ဆေးဆိုင် ၁၄ ဆိုင်ကို ယာယီပိတ်သိမ်း အရေးယူထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) မှ ဆေးဝါးကြီးကြပ်ရေး ဦးစီးအရာရှိ ဦးစိုင်းဘုန်းမြင့်ကျော်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ဆေးဆိုင် ၈၁ ဆိုင်ကို စစ်ဆေးခဲ့ရာမှ အရေးယူခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာန မှတ်တမ်းများအရ သိရသည်။

ယင်းသို့ အရေးယူရာ၌ မန္တလေးမြို့ ဈေးချိုအနီးတွင် ကာမအားတိုးဆေးအတုများ ရောင်းချနေသောလမ်းဘေးဆိုင် သုံးဆိုင်နှင့် မြင်းခြံတွင် သက်တမ်းကုန် ဆေးဝါးများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြင်ဆင်ရောင်းချသော ဆေးဆိုင်နှစ်ဆိုင်ကို အမျိုးသားဆေးဝါး ဥပဒေအရ အမှုဖွင့်ထားကြောင်း၊ ယင်းအပြင် ဆေးဆိုင် ၁၃ ဆိုင်ကို သုံးလယာယီပိတ်သိမ်းခြင်းနှင့် ဆေးဆိုင်တစ်ဆိုင်ကို ခြောက်လပိတ်သိမ်းစေခဲ့ကြောင်း ဦးစိုင်းဘုန်းမြင့်ကျော်က ရှင်းပြသည်။ 

“ဆေးဆိုင်အတော်များများမှာ အားနည်းတာက ဆေးဝါးထားသိုမှုစနစ်နဲ့ ဆေးဝါးသက်တမ်းတွေကို လစဉ်ပုံမှန် မစစ်ဆေးတာ”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးများရောင်းချခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချပါက ခြောက်လပိတ်သိမ်း အရေးယူပြီး ယင်းအချက်နှစ်ချက်အနက် အချက်တစ်ခုနှင့်ငြိစွန်းပါက သုံးလပိတ်သိမ်း အရေးယူကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) ထံမှ သိရသည်။

အမျိုးသားဆေးဝါးဥပဒေအရ အမှုဖွင့်အရေးယူခံရပါက ထောင်ဒဏ် ခုနစ်နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ်ငါးသောင်းမှ ကျပ်ငါးသိန်းထိ ပေးဆောင်ရနိုင်ပြီး ဒဏ်နှစ်ရပ်စလုံးကိုလည်း ကျခံစေနိုင်ကြောင်း အမျိုးသားဆေးဝါးဥပဒေ အရသိရသည်။

မန္တလေးတိုင်းအတွင်း၌ ၂၀၁၇ ခုနှစ်က ဆေးဆိုင် ၁၇၇ ဆိုင်ကို စစ်ဆေးခဲ့ရာ၌ သုံးလယာယီပိတ်သိမ်းခဲ့သော ဆေးဆိုင် ၄၄ ဆိုင်နှင့် ခြောက်လ ယာယီပိတ်သိမ်းအရေးယူခဲ့သော ဆေးဆိုင် ခြောက်ဆိုင်ရှိပြီး အမျိုးသားဆေးဝါး ဥပဒေဖြင့် အမှုဖွင့်ခံရသည့် ဆေးဆိုင်နှစ်ဆိုင်ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) မှတ်တမ်းများအရ သိရသည်။



  • VIA